စက်တင်ဘာ ၉

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏အနောက်မြောက်ဘက် ကီလိုမီတာ ၁၃၄ အကွာရှိ စီရာဂျေဂန်ဂျေခရိုင်တွင် ယမန်နေ့က မိုးကြိုးပစ်ခံရမှုကြောင့် ကိုးဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသန္တရရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါမိုးကြိုးပစ်ခံရမှုကြောင့် မိသားစုဝင် ငါးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့သည်ဟု ထိုခရိုင်၏ရဲချုပ် အာလမ်ဆစ်ဒီကီက သတင်းထောက်များကို မိုဘိုင်းဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

 

ယင်းဖြစ်ရပ်တွင် အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။

 

ထိုထိခိုက်သေဆုံးသူအားလုံးသည် လယ်ကွင်းတစ်ကွင်းထဲတွင် အလုပ်လုပ်နေစဉ် ဒေသစံတော်ချိန် ည ၃ နာရီ ၃၀ မိနစ်ဝန်းကျင် မိုးကြိုးပစ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

 

မိုးကြိုးပစ်ခံရသည့်နေရာမှာပင် ငါးဦးသေဆုံးသွားပြီး အခြားခြောက်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနှင့် ယင်းဒဏ်ရာရရှိသူများအနက် လေးဦးသည် ဆေးရုံရောက်ပြီးနောက်ပိုင်း သေဆုံးသွားခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ များပြားလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို