ရန်ကုန် စက်တင်ဘာ ၉
ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် လိုက်လံရောင်းချပေးနေမှုနှင့် မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိချောင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့တော်ဝန်က စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၅၄၀၀ နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် (၅၀)ကျပ်သား၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ် နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀)လုံးစီ စနစ်တကျ တန်းစီရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ အမှန်တကယ် လိုအပ်သည့် ရပ်ကွက်များကို အလှည့်ကျ ရောင်းချပေးနိုင်ရေးနှင့် ဝင်ငွေနည်းမိသားစုများကို ရေရှည်ရောင်းချပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ကမာရွတ်မြို့နယ် စည်ပင်သာယာရဲတပ်ဖွဲ့ဝင်း၊ အလုံမြို့နယ် ဌာနာရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူးအိမ်ရာနှင့် ဗိုလ်မင်းရောင်အိမ်ရာတို့၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချပေးနေမှုကိုလည်းကောင်း၊ မြောက်ဥက္ကလာပ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရုံးပတ်လည် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်