ဟိုပန်  စက်တင်ဘာ    ၉

 

ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

 

ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ပြန်လည်ဖြစ်ပေါ်လာကြောင်း၊ မိမိဒေသတွင်လည်း ကူးစက်ဖြစ်ပွားမှုမရှိရအောင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါလူနာများကုသရန် သီးခြားကုသဆောင် ပြင်ဆင်ထားရှိရေး၊ မိုးလုံလေလုံအားကစားရုံတွင် Quarantine Center များ ပြင်ဆင် ထားရှိရေး၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ လူနာတင်ယာဉ်များ အဆင်သင့်ဖြစ်အောင် စီမံထားရှိရန်၊ ကာကွယ်ဆေးအုပ်စု အမျိုးအစားအလိုက် အချိန်မီပြီးစီးအောင်ထိုးနှံရေး၊ ဌာနဆိုင်ရာများရုံးများတွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ထားရှိရေး၊ Mask တပ်ဆင်ရေး၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ နေထိုင်ရေး စသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားနှင့်အညီလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုတင့်က ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု အခြေအနေ၊ အသိပညာပေးလုပ်ငန်းဖြစ်သည့် Mask Campaign ဆောင်ရွက်မည့် အခြေအနေ၊ Mask လိုအပ်ချက် အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွှန့်က အများပြည်သူ့နှင့် ဆက်ဆံဆောင်ရွက်ရသည့် လုပ်ငန်းတွင် Mask လိုအပ်ချက်ရှိသည့်အတွက် ကူညီဆောင်ရွက်ပေးရေး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးနိုင်မျိုးဦးက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပေးဆောင်ရွက်မှု အခြေအနေ၊ စည်ပင်သာယာဈေး၊ စားသောက်ဆိုင်များအား စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းများရေး ဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ လူနာကုသရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ Mask နှင့် Hand Gel ရရှိရေးဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ရောဂါရှာဖွေ စစ်ဆေးပေးမှု အခြေအနေတို့ကိုလည်းကောင်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက  Mask Campaign ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)