တောင်ကြီး စက်တင်ဘာ ၉

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များ မပျောက်ပျက်စေရန်၊ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းပေးနိုင်ရန်၊ အမိနိုင်ငံကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ် ခဲ့သည့် တောင်ကြီးခရိုင် (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ပွဲခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အင်းတိုင်းရင်းသားရိုရာ ယဉ်ကျေးမှုအကအဖွဲ့က ကပြဖျော်ဖြေပြီး (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြ သည့် ပြိုင်ပွဲဝင်များအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သက်သက်ဦးနှင့် ဦးခင်မောင်ဝင်းတို့က လည်းကောင်း၊ အကပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်းသိန်းနှင့် အတွင်းရေးမှူး(ကိုယ်စား) ရဲမှူးနေမျိုးတို့က လည်းကောင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးနှင့် ခရိုင်ပညာရေးမှူး ဒေါ်ယဉ်မင်းစုတို့ကလည်းကောင်း၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ်ဒိုင်များနှင့် အတီးပညာရှင်အား ဂုဏ်ပြုချီးမြှင့်ငွေများကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ကလည်းကောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ဆုရရှိခဲ့ကြသည့် အကပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲဝင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)