နေပြည်တော်၊ စက်တင်ဘာ ၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ များ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း(ပေါင်းလောင်း)၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။
သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီး မိမိတို့တာဝန်ကျသည့် လုပ်ငန်းခွင်အသီးသီးသို့ ရောက်ရှိသည့်အခါ သင်တန်းကရရှိခဲ့သော အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများကို လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းတာဝန်များကို တက်ကြွစွာဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး နှင့် လုံခြုံရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ အင်ဂျင်နီယာကောင်းများဖြစ်အောင် ကြိုးစားကြပြီး အသစ်အသစ်သော နည်းပညာရပ်များကိုလည်း ဆက်လက်ဆင့်ပွား ဆည်းပူးသွား ကြရန်၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစား အားထုတ် ကြရန်၊ ပေးအပ်လာသည့် တာဝန်ကို ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် ခံယူချက်ထားပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့် သူများဖြစ်စေရေး နေထိုင်ကျင့်ကြံသွားကြရန်၊ နိုင်ငံတော်အတွက်၊ ဝန်ကြီးဌာန အတွက်၊ မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထားရသည့် သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်း၊ အင်ဂျင်နီယာကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက် သွားကြရန်လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က သင်တန်းနည်းပြများကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး ထူးချွန်ဆုရရှိသူများက သင်တန်းတွင် လေ့လာခဲ့သည်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆက်လက်လေ့လာရန် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)