နေပြည်တော် စက်တင်ဘာ ၁၀
စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁ : ၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနိုးစက်ဖြင့် တမန်းနိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာရှိ ကွင်းအမှတ်(၁၆၇၂)၊ တောင်သူ ဦးကျောက်ပိုင် လယ်(၈)ဧကရှိ စက် Seeder စံပြကွက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကား ပြောကြားရာပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁ : ၃) ရောစပ်ကြဲပက်မှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦးက စိုက်ပျိုးရေးသုံး စက်ကိရိယာများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒေသခံ တောင်သူတစ်ဦးက လက်တွေ့လုပ်ဆောင်မှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁ : ၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနိုးစက်ဖြင့် တမန်းနိုးခြင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)