လွိုင်ကော် စက်တင်ဘာ ၁၀
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်နှင့် စားသောက်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (လွိုင်ကော်)မှ သင်တန်းသား၊ သင်တန်းသူများ၏ ဘောလုံး၊ ပြေးခုန်ပစ်၊ ဂျူဒို အားကစားနည်းများ လေ့ကျင့်နေမှု၊ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားကွင်း၊ အားကစားရုံနှင့် သင်တန်းသား၊ သင်တန်းသူများ၏ အိပ်ဆောင်များ၊ သုံးရေ လုံလောက်စွာ ထားရှိပေးမှုအခြေနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ချုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ကျောင်းဝင်းအတွင်း စိုက်ပျိုးထားသော စားသုံးသီးနှံ စိုက်ခင်းများကို ကြည့်ရှုသည်။ ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား စားသောက်မှု ပြည့်စုံစေရေးနှင့် ထပ်ဆောင်း အာဟာရများ ကျွေးမွေးနိုင်ရန်အတွက် ဆန်အိတ် ၃၀ နှင့် ထောက်ပံ့ငွေကျပ် သိန်း ၃၀ ကို ပေးအပ်ရာ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လက်ခံရယူပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကျောင်းတွင်းအခြေခံ မြန်မာ့ရိုးရာသိုင်းနှင့် ကျွမ်းဘားအားကစားနည်း သင်တန်းများတွင် ထူးချွန်ဆုရ ရှိသူများကို ဆုများ ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၆၄ ဦး၊ နည်းပြဆရာ၊ ဆရာမများနှင့် စုပေါင်း နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရှိရသည်။
ကိုဇင်(လွိုင်ကော်)