ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ       စက်တင်ဘာ        ၁၀

တော်သလင်းလ လှေသဘင်ပွဲတော်ကို ပြန်လည်ဖော်ဆောင်သောအားဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ရိုးရာလှေလှော်ပြိုင်ပွဲကို ဘားအံမြို့ ကန်သာယာရေပြင်၌ ကျင်းပလျက်ရှိရာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်က ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။

ဦးစွာ အမျိုးသား အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် ငါးတက်လှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် များကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လှေလှော်အားကစား ဝါသနာရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ရေပြင်သက်ကယ်အဖွဲ့အား ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်တို့က အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်တို့က အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း၊ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း တို့က  အမျိုးသမီး သုံးတက်လှော်ပြိုင်ပွဲတွင် ဆုရအသင်းများကို လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က အမျိုးသား သုံးတက်လှော် ပြိုင်ပွဲ ဆုရအသင်းများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမျိုးသမီး ငါးတက်လှော်ပြိုင်ပွဲ ဆုရအသင်းများကို လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား ငါးတက်လှော်ပြိုင်ပွဲ တတိယဆုရ မိကရင်အသင်း၊ ဒုတိယဆုရ ကော့ကရိတ်မြို့နယ်အသင်းနှင့် ပထမဆုရ မြဝတီမြို့နယ်အသင်းတို့အား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ရိုးရာလှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

အဆိုပါလှေလှော်ပြိုင်ပွဲကို အမျိုးသားအသင်း ၂၇ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်းလှေလှော် အားကစားသမား ၂၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲစဉ်များကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)