အောင်လင်း

 

“မော်နားလည်ပါတယ် ‘မ’ ရဲ့၊ ဒါပေမဲ့ ဂရေစီတို့ကို ခံပြင်းလို့။ ဂရေစီက ပါတီပွဲမှာဆိုရင် ဗိုလ်မလေးကျ နေတာပဲ။ အမေရိကန်သီချင်းတွေကို ဆိုတီးပြနိုင်တယ်။ မော်တို့ကို သူကသိပ်ကြွားတာပဲ။ ပြီးခဲ့တဲ့ ဆန်းဒေးကတောင် မော် ဂရေစီကို ပြောခဲ့သေးတယ်။ ဒီတစ်ခါ နွေကျောင်းပိတ်ရင် မင်းထက် သာအောင် တီးနိုင်ရမယ်လို့ ပြောခဲ့တယ်”

 

‘မ’ သည် မော်၏စကားများကို နားထောင်ရင်း သက်ပြင်းကလေး မသိမသာချလိုက်မိသည်။

 

“ဖြစ်မှဖြစ်ရလေ မော်ရယ်၊ ဒါမျိုးဆိုတာ ခံပြင်းရင် ဖွင့်မပြောရဘူး။ ကျိတ်ပြီး သူများထက်သာအောင် ကြိုးစားရတယ်။ ကိုယ်က သူများထက်သာတော့လည်း နေရာတကာ ကြွားနေစရာမလိုဘူး၊ အခွင့် ကြုံမှ မသိမသာ ပြလိုက်ရုံရှိတယ်”

 

“မော် နားလည်ပါတယ် ‘မ’ ရဲ့။ မော်တို့ကတော့ ရှင်းရှင်းပဲ၊ မကျေနပ်ရင် ဝမ်းထဲမှာ ကျိတ်မထားနိုင်ဘူး။ ချက်ချင်းပြန်နှက်လိုက်မှာပဲ။ အချိန်ဆွဲမနေနိုင်ဘူး။ ကဲ...ကော်ဖီဆာပြီကွယ်၊ ‘မ’ တို့ သောက် ပြီးကြပြီလား”

 

“ မသောက်ရသေးဘူးလေ၊ မောင်အေးကို ပြောလိုက်ပေါ့ ”

 

“မောင်အေးရေ၊ ဟေ့...မောင်အေး၊ ကော်ဖီဖျော် ပြီးပြီလား။ ဘယ်အချိန်ရှိပြီလဲ”

 

“အားလုံးပြင်ပြီးပြီ မမလေး”

 

နင့်ဘာနင်ပြင်ထားပြီး လာမပြောဘဲ သိပါ့မလား။ ဘယ်လိုအူကြောင်ကြောင်တွေမှန်းလည်း မသိဘူး။

 

မော်သည် ထမင်းစားခန်းတွင် မောင်အေးနှင့် ဆူ၍ နေတော့သည်။ ‘မ’ က မသိမသာ ပြုံးလိုက်မိသည်။

 

“ကဲ ... ဆရာ၊ ကော်ဖီသောက်ရအောင်”

 

‘မ’ တို့ ထမင်းစားခန်းသို့ ဝင်လာသောအခါ မော်သည် ပေါင်မုန့်ထောပတ်သုတ်များကို ပလုတ်ပလောင်း စားနေလိုက်သည်။ ‘မ’ က ကိုဘခက်အတွက် ကော်ဖီငှဲ့ပေးလိုက်ရင်း မုန့်ပန်းကန်ကိုရှေ့သို့ ထိုးပေးလိုက်သည်။

 

မော်သည် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မုန့်ကိုသာ အားရပါးရစားလိုက်သည်။

 

“မွန်တစ်ယောက်ရော ပြန်မလာသေးဘူးလား”

 

“ဟင့်အင်း...ပြန်မလာသေးဘူး”

 

“လေးနာရီတောင်ထိုးနေပြီ၊ ဒီအချိန် ကလပ်စ် မရှိတော့ပါဘူး။ ဘယ်များလျှောက်လည်နေလဲ မသိဘူး”

 

“သူတို့က ပရက်တီကယ်ရှိတယ်မဟုတ်လား မော်ရဲ့၊ ဘယ်ပြောနိုင်မလဲ”

 

မော်သည် ပေါင်မုန့်ဘေးသားများကို နောက်သို့ လွှင့်ပစ်လိုက်သည်။

 

ဘာလို့မပြောနိုင်ရမှာလဲ ‘မ’ ရဲ့၊ ဗစ်တာနဲ့ လွတ်နေကြတာ။ ဟိုနေ့ကလည်း ရုပ်ရှင်ကြည့်မယ် ဆိုပြီး မော်ရယ်၊ ဂရေစီရယ်၊ ဘလှသန်းထွန်းရယ်ကို အလုပ်ရုံမှာချပေးပြီး သူတို့က ဘယ်မှာလွတ်နေကြ တယ်မသိဘူး”

 

“ဒါလောက်တောင် မနေနိုင်မထိုင်နိုင် ဖြစ်နေကြရင် ယူလိုက်ကြပေါ့”

 

“ဟဲ...မော်....မင်းပါးစပ်ကို အပ်နဲ့ချုပ်ထားစမ်း”

 

မော်သည် ဘာမျှပြန်မပြောတော့ချေ။ အသင့်ငှဲ့ပြီးသား ကော်ဖီကို တစ်ကျိုက်တည်း မော့၍သောက် လိုက်ပြီးလျှင် ထွက်သွားလေသည်။

 

‘မ’ ကမူ မော့်ကိုကြည့်ရင်း ရင်လေးမိသည်။ မော်သည် ကောလိပ်သို့ရောက်နေသော်လည်း ကလေးစိတ်ကား မပျောက်သေးချေ။ ထင်ရာလုပ်၊ ထင်ရာပြော ကလေးဆိုးလေးကဲ့သို့ အမြဲတမ်း သူက အနိုင်ယူတတ်သည်။

 

“မော်ဟာ ခုထိ ကလေးလိုပဲဆရာရယ်၊ သိပ်စိတ် ညစ်စရာကောင်းတာပဲ”

 

“ဒီအရွယ်တွေဟာ ဒီလိုပဲ၊ မြီးကောင်ပေါက် အပျံသင်စဆိုတာ ထိန်းလို့မရသေးဘူး။ သူတို့စိတ်က သန်ချင်ရာ သန်တတ်တယ်။ ပြောချင်တာ လုပ်ချင်တာဆိုလည်း ဘာမှစဉ်းစားမနေဘူး။ ချုပ်တည်း မနေဘူး။ ကောင်းတာက ဝါသနာတစ်ခုခုထဲမှာ စွဲလမ်းနေရင် ကောင်းတယ်။ စိတ်လည်းငြိမ်သွားတယ်”

 

“မော်ကတော့ ဘာမှ စွဲစွဲလမ်းလမ်းရှိမှာမဟုတ်ဘူး ဆရာ။ ခပ်ပေါ့ပေါ့ပဲ နေသွားမှာပဲ။ သူသိတာက ကောင်းကောင်းစားမယ်၊ ကောင်းကောင်းအိပ်မယ်၊ ဒါပဲသိတယ်။ ‘မ’ တို့ ညီအစ်မသုံးယောက်ထဲမှာ မော်တစ်ယောက်ကတော့ တစ်ဘာသာပဲဆရာ။ ‘မ’ နဲ့လည်းမတူဘူး၊ မွန်နဲ့လည်းမတူဘူး။ မွန်ဆိုရင် သိပ်ရည်မှန်းချက်ကြီးတယ်။ မက်ထရစ်မအောင်ခင် ကတည်းက ဆရာဝန်မ ဖြစ်ရမယ်ဆိုပြီး ကြိုးစား တာ၊ သူရည်မှန်းတဲ့အတိုင်း ဖြစ်တာပဲ။ ဖေဖေက မွန်ဆရာဝန်ဖြစ်ရင် ဆေးတိုက်ဖွင့်ပေးမယ်တဲ့။ မွန်ဟာ ‘မ’ ထက် မာနကြီးတယ်၊ ပြတ်သားတယ်။ သူလိုချင်တာကို မရရအောင်ယူတယ်။ ဖြစ်ချင် တာကို ဖြစ်အောင်လုပ်တယ်။ ‘မ’ အနေနဲ့ဆိုရင် လောကမှာ စိတ်အေးအေးချမ်းချမ်းနေရရင် တော်ပြီ။ အပင်ပန်းလည်း သိပ်မခံချင်ဘူး။ စိတ် ဆင်းရဲလည်း သိပ်မခံချင်ဘူး။ ရည်မှန်းချက်လည်း သိပ်မကြီးချင်ဘူး။ ရည်မှန်းတဲ့အတိုင်းဖြစ်ရင်တော့ ကောင်းတယ်။ မဖြစ်ရင် ပင်ပန်းရတယ်။ ဒီတော့ ရောင့်ရဲနိုင်တဲ့စိတ်ကိုလည်း မွေးဖို့ကြိုးစားပြန်တယ်။ မော်ကတော့ ဒီလိုမဟုတ်ဘူး။ မွန်လိုလည်း ရည်မှန်းချက်မရှိဘူး၊ ‘မ’ လိုလည်း ရောင့်ရဲနိုင်တဲ့စိတ် ရှိမှာမဟုတ်ဘူး။ ဒီကလေးမအတွက်ဟာ တော်တော် ခက်တယ်”

 

‘မ’ က မော့်အကြောင်းကို ပြောနေသော်လည်း ကိုဘခက်၏စိတ်ထဲ၌ကား ‘မ’ အကြောင်းကိုသာ စိတ်ဝင်စားနေသည်။ မော့်အကြောင်းကိုပြောရင်းမှ သူတို့ညီအစ်မသုံးယောက်၏ စိတ်နေစိတ်ထား ရည်မှန်းချက်များကို နှိုင်းယှဉ်ပြလိုက်သောအခါ ကိုဘခက်သည် ‘မ’ ကို ပိုလေးစားလာမိသည်။

 

‘မ’ သည် လူများ၏သဏ္ဌာန်ကိုသာ မြင်နိုင်စွမ်းရှိခြင်းမဟုတ်၊ သူ့ကိုယ်သူလည်း ပြန်၍မြင်နိုင်စွမ်း ရှိသူဖြစ်သည်။ သူ့ကိုယ်သူမြင်ရာ၌လည်း အထင် ကြီးမှုမပါ။ နှိမ့်ချသောအမြင်မျိုးဖြင့်သာ မြင်တတ် သည်မှာ လေးစားစရာကောင်းလှသည်။

 

အမှန်၌ ‘မ’ လို အသက်အရွယ်လောက်ဖြင့် ဤမျှ ရင့်ကျက်သော အတွေးအခေါ်မျိုးကို တွေးခေါ်ဝေဖန် နိုင်ခြင်းမှာ ချီးကျူးစရာဖြစ်လေသည်။

 

ကိုဘခက်သည် ‘မ’ ကိုကြည့်နေရင်းမှ သူ၏ ထင်မြင်ချက်ကို အဆက်အစပ်မရှိဘဲ ဖွင့်ထုတ်လိုက် သည်။

“ခင်ဗျားတွေးခေါ်ပုံတွေဟာ  နက်နဲသားပဲ။ အနုပညာသည်တစ်ယောက်ဖြစ်ချင်ရင် အတွေးအခေါ်လည်းနက်နဲမှ၊ စိတ်ဓာတ်လည်း လေးနက်မှ တကယ်တမ်း ထက်မြက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်။ ကျော်ကြားမှုကို မလိုလားဘဲ ပညာကိုသာ တကယ်လိုက်စားရင်တော့ ခင်ဗျားဟာ ပညာရှင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်”

 

ကိုဘခက်သည် ပြောပြောဆိုဆိုပင် နေရာမှထ၍ သွားလေသည်။ ‘မ’ သည် ကိုဘခက်ကို ကြောင် ကြည့်နေမိသည်။ မော့်အကြောင်းကို ပြောနေရင်းမှ မဆီမဆိုင် သူ့အကြောင်းကိုသာ ဝေဖန်သွားသော ကိုဘခက်ကို နားမလည်နိုင်အောင်ရှိတော့သည်။

 

ကိုဘခက်သည် သူ စိတ်ဝင်စားသောအရာကိုသာ ပြုမူပြောဆိုတတ်သော လူတစ်ယောက်ဖြစ်ကြောင်း ကို ‘မ’ က ကောင်းကောင်းရိပ်မိလေသည်။

 

အမှန်ဆိုတော့လည်း ‘မ’ လို  မိန်းကလေး တစ်ယောက်အတွက် ကိုဘခက်သည် လူထူးလူဆန်း ကြီးတစ်ယောက် ဖြစ်နေရသည်မှာ ဘာမျှမဆန်း တော့ချေ။

 

ကနေ့ည ကိုဘခက်သည် ထမင်းစားပြီးကတည်း ကပင် အခန်းတွင်း၌ စာဖတ်နေသည်။ အပေါ်ထပ် ဆီမှ ‘မ’ စောင်းသံကို ကြားရသည်။ ‘မ’ သည် ညကိုးနာရီထိုးလျှင် စာကြည့်ချိန်ကို တစ်နာရီနား၍ စောင်းတီးတတ်သည်။ ပြီးမှ စာကိုဆက်ကြည့်တတ်သည်။ ယခုလည်း ‘မ’ သည် နေ့ခင်းက ကိုဘခက် အသစ်တက်ပေးထားသော သာယာသီချင်းကို အကြိမ်ကြိမ် ပြန်၍တီးနေသည်။

 

ကိုဘခက်သည် စာဖတ်နေရင်းမှ ‘မ’ တီးသော အကွက်များ မှန် မမှန် လိုက်၍နားထောင်ကြည့် လိုက်မိသည်။ ‘မ’ သည် ကိုဘခက်တက်ပေးသည့် အတိုင်း တစ်လုံးမလွဲအောင် တီးနိုင်သည်ကို ကြားရ သောအခါ စိတ်ထဲတွင် အလိုလိုကျေနပ်မိသည်။

 

ထိုအတွင်းမှာပင် ကားရပ်သံ ကြားလိုက်သည်။ မွန့်၏အသံကိုလည်း ကြားရသည်။

 

“မော်ရေ...‘မ’ ရေ...လာကြပါကွယ်၊ ဒက်ဒီ့ကိုလည်း ပြောလိုက်ပါ။ မာမီရော...မာမီ အောက်ကို ခဏဆင်းခဲ့ပါ”

 

“လာပြီ...မွန်ရေ...‘မ’ရေ...မွန်ခေါ်နေတယ်။ ဒက်ဒီ...ဒက်ဒီ” အပေါ်ထပ်မှ အပြေးအလွှားဆင်း လာသောအသံများကို ကြားရသည်။ ဦးကျော်ဒင် ၏အသံလည်း ကြားရသည်။

 

“ဘာများလဲ အထိတ်တလန့်...နင်တို့ဟာ၊ မော်ကို တော်တော်ကဲတယ်။ ဘာဖြစ်ဖြစ် အလန့်တကြား ချည်းပဲ”

 

ဧည့်ခန်းတွင် လူစုံလောက်သည့်အချိန်တွင် မွန်၏ အသံကို ကြားရသည်။

 

“မောင်ရေ...ဟေ့...မောင်၊ လာပါဦးကွယ်၊ အံမယ်... သူ  ရှက်နေတယ်ထင်ပါရဲ့။  မော်ရေ...ဆရာ့ကို သွားခေါ်”

 

ကိုဘခက်သည် စာကြည့်နေရာမှ အခန်းပေါက် ဆီသို့ လှမ်း၍ကြည့်လိုက်သည်။

 

မော်သည် အခန်းပေါက်ဝတွင် လာ၍ရပ်လိုက် သည်။

 

“ဆရာ...မွန်က ခဏကြွပါတဲ့ ဆရာ”

 

ကိုဘခက်သည်   ဘာအကြောင်းမှမသိဘဲ ခပ်ကြောင်ကြောင်ဖြင့် အခန်းထဲမှ ထွက်ခဲ့လေသည်။ ဧည့်ခန်းစားပွဲ၌ မိသားစုအစုံ ဝိုင်း၍ထိုင်နေကြသည်။ အားလုံးက ဘုမသိဘမသိဖြင့် ခပ်ကြောင်ကြောင် ထိုင်၍ နေကြသည်။

 

ဦးကျော်ဒင်သည် သူ့ဆေးပြင်းလိပ်ကို မီးညှိ၍ ဖွာလိုက်သည်။ ဗစ်တာသည် မရဲတရဲဖြင့် အနားသို့ လျှောက်လာသည်။ နောက်ဆုံး ‘မ’ တစ်ယောက် လည်း အိမ်ပေါ်မှ ဆင်းလာသည်။

 

အားလုံးစုံသောအခါ မွန်သည် သူ၏ဘယ်ဘက် လက်ကို စားပွဲရှေ့တွင် ဖြန့်လိုက်သည်။

 

“ဒီမှာ ကြည့်စမ်း၊ ဒက်ဒီ၊ မာမီ”

 

အားလုံးပင် မွန်၏လက်သူကြွယ်တွင် စိန်လက် စွပ်ကလေးတစ်ကွင်းကို အရောင်တလက်လက်ဖြင့် မြင်ရသည်။

 

“ဘယ်နှရတီရှိမှန်းတော့မသိဘူး မာမီ၊ ရှစ်ရာ ကျော်ပေးရတယ်။ ဗစ်တာဝယ်ပေးတာ။ ဗစ်တာနဲ့ မွန် လက်ထပ်ဖို့ သဘောတူလိုက်ပြီ။ ရှေ့လထဲ စထရင်းဟိုတယ်မှာ လက်ထပ်မယ်”

 

ဒေါ်ခင်မျိုးသန့်ကမူ ပြုံး၍နေသည်။

 

ဦးကျော်ဒင်သည် ဆေးပြင်းလိပ်ကို ပြာခွက်ထဲ တွင်ထည့်၍ ခြွေလိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။