မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ပြည်သူအများစုမှာ ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများအား အများဆုံးလုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ရှေးအစဉ်အဆက်လုပ်ကိုင်လာခဲ့ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ၏အဓိက လုပ်ငန်းဖြစ်သော်လည်း  မျက်မှောက်ကာလတွင်  ကျေးလက်နေ ပြည်သူအချို့မှာ အကြောင်းအမျိုးမျိုးဖြင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင် လာကြသည်။

 

လိုအပ်ချက်အကြောင်းရင်းများစွာအနက်  ရင်းနှီးမြှုပ်နှံမှုစရိတ်မြင့်မားမှု၊ ရောင်းဝယ်ဖောက်ကားမှု  မတည်ငြိမ်မှု၊  လုပ်အားစရိတ်နည်းပါးမှု၊  ရာသီဥတု ဖောက်ပြန်မှု၊ သီးနှံအထွက်နှုန်းလျော့နည်းမှု စသည့်အကြောင်းများကြောင့် လယ်ယာကဏ္ဍ တိုးတက်ရေးတွင် လိုအပ်ချက်များရှိနေသည်။ အကယ်၍ လယ်ယာစီးပွား တိုးတက်မြင့်မားပြီး ဝင်ငွေရလမ်းများ ကောင်းမွန်နေပါက ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုထွန်းကားလာပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်များမှ ပြောင်းရွှေ့လုပ်ကိုင်မှုများလျော့နည်းကာ ကျေးလက်လူမှုစီးပွား စည်ပင်ဝပြောလာမည်ဖြစ်သည်။  ယင်းလိုအပ်ချက်များကို  နိုင်ငံတော်အစိုးရက အလျင်အမြန် အကောင်အထည်ဖော်ပေးနေပြီဖြစ်သည်။

 

တောင်သူများမှာ  စိုက်ပျိုးမြေ၊  စိုက်ပျိုးစွမ်းအားများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းအားစုများ အဓိက လိုအပ်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်၏ အဓိကသီးနှံဖြစ်သည့် စပါးတစ်ဧက အထွက်နှုန်း ကောင်းမွန်ရေးကို တွန်းအားပေးဆောင်ရွက်နေသည်။ လာမည့်စိုက်ပျိုးရာသီတွင် နွေစပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင် ရေးအတွက် ငွေကျပ်ဘီလီယံ ၄၀၀ ရင်းနှီးမြှုပ်နှံစီမံကိန်းကို စတင်ဆောင်ရွက်ပေးနေ ပြီဖြစ်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးရာသီတွင် တောင်သူနှင့် ကုမ္ပဏီအကျိုး ဖြစ်ထွန်းစေမည့်  အကျိုးတူကန်ထရိုက်လယ်ယာလုပ်ငန်းကို  Supply  chain financing  အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တောင်သူများ၏ အဓိကလိုအပ်ချက်မှာ မျိုး၊ မြေသြဇာ၊ သွင်းအားစုများဖြစ်သည်။ ယင်းလိုအပ်ချက်ကြောင့် ရှေ့မတိုးသာဖြစ်ကြရသည်။ ယခုအစီအစဉ်တွင် တောင်သူများ၏ နွေစပါးတစ်ဧက အထွက်နှုန်းတိုးစေရန်အတွက်  မျိုးစေ့၊ မြေသြဇာနှင့် သွင်းအားစုများကို ပံ့ပိုးပေးမည့်အစီအစဉ်ဖြစ်သည်။ သက်ဆိုင်ရာ မြို့နယ်အလိုက် နွေစပါးစိုက်တောင်သူများစုဖွဲ့၍လည်းကောင်း၊ ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများစုဖွဲ့၍လည်းကောင်း  စိုက်ပျိုး၊  ထုတ်လုပ်၊  ဝယ်ယူ၊  ကြိတ်ခွဲ၊  တင်ပို့ရောင်းချသော လုပ်ငန်းများအားလုံးကို စုဖွဲ့ချိတ်ဆက်ပေါင်းစည်းထားသည့် အစီအစဉ်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် စိုးရိမ်ပူပန်စရာ ကြီးကြီးမားမား ရှိတော့မည် မဟုတ်ပေ။ စပါးအထွက်နှုန်းတိုးရေးကိုသာ အားသွန် ခွန်စိုက် စိုက်ပျိုးကြရတော့မည်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လာမည့်ကာလ နွေစပါးစိုက်ပျိုးရေးအတွက်  အကျိုးတူကန်ထရိုက်လယ်ယာစနစ်ကို ဖိတ်ခေါ်ထားသည်။  ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက်လည်း  အကျိုးတူလုပ်ကိုင်နိုင်ရန်  အလားတူဖိတ်ခေါ်ထားသည်။ ကနဦးတွင်  နိုင်ငံတစ်ဝန်း၌  နွေစပါးစိုက်ဧက  ၈  ဒသမ ၅ သိန်း စိုက်ပျိုးသွားမည်ဖြစ်သည်။ တောင်သူများအား  ငွေသားမပေးဘဲ  တန်ဖိုးနှင့်ညီမျှသည့်  သွင်းအားစု လိုအပ်ချက်များကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်ပြီးဖွံ့ဖြိုးရေးရန်ပုံငွေမှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ စပါး စိုက်ပျိုးရေးအတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။  ပဲတီစိမ်းစိုက်ပျိုးမည်ဆိုလျှင်  တစ်ဧက  ငွေကျပ် ၁၂၀၀၀၀ နှင့်ညီမျှသည့် သွင်းအားစုများကို ပံ့ပိုးပေးသွားမည်ဖြစ်၍ တောင်သူများ အတွက် အဆင်ပြေမည်ဖြစ်သည်။

 

စိုက်ပျိုးထွက်ရှိလာသော စပါးနှင့် ပဲတို့ကို အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ချက်တစ်ခုဖြင့် ကုမ္ပဏီကဝယ်ယူမည်ဖြစ်သည်။ ပိုလျှံသည့် စပါးနှင့် ပဲကို ပေါက်ဈေးအတိုင်း ဝယ်ယူသွားမည်ဖြစ်သည်။ တောင်သူများအနေဖြင့် ပိုလျှံသည့် သီးနှံများကို အခြားသို့လည်းရောင်းချနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်ကိုကြည့်လျှင်  တောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များအဆင်ပြေစေရေးနှင့် စိုက်ပျိုးစီးပွား ထွန်းကားလာရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရပါသည်။ တောင်သူများအနေဖြင့် ပံ့ပိုးမှုများကို ထိရောက်အောင်အသုံးချပြီး အထွက်နှုန်းတိုးအောင် ကြိုးပမ်းအားထုတ်ကြမည်ဆိုလျှင် အားလုံးအဆင်ပြေမည် ဖြစ်သည်။  နွေစပါးစိုက်ပျိုးရေးတွင်  အဓိကလိုအပ်ချက်တစ်ခုမှာ  ရေရရှိရေးဖြစ်ပြီး တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဆည်မြောင်းစနစ်ကိုလည်း အကောင်အထည်ဖော်ပေးထားသည်။

 

သို့ဖြစ်ရာ စိုက်ပျိုးထွက်ကုန် အထွက်တိုးရေးအတွက် လိုအပ်သည်တို့ကို နိုင်ငံတော်အစိုးရက ပံ့ပိုးစီစဉ်ဆောင်ရွက် ပေးထားပြီဖြစ်ရာ လာမည့်ကာလတွင် နွေသီးနှံများအထွက်တိုးအောင် စံနမူနာပြကြိုးပမ်းဆောင်ရွက်နိုင်ခြင်းမှ တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်နိုင်ကာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ပြီး နိုင်ငံ့စီးပွား ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း။          ။