တိုကျို   စက်တင်ဘာ   ၁၃

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာသည် ဂျပန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး  တိုးမြှင့်သွားရန်  ရည်ရွယ်ထားကြောင်း  စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားသည်။   ထို့ပြင် အပြုသဘောဆောင်ပြီး တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ခြင်းသည် မျိုးဆက်သစ်များ၏ တာဝန်တစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက  ဆက်လက် ပြောကြားသည်။

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာသည် စက်တင်ဘာ ၁၂ ရက် တွင် ပြုလုပ်သည့် စာတမ်းဖတ်ပွဲတစ်ခုတွင်  အထက်ပါအတိုင်း ဗီဒီယိုသတင်းစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် စက်တင်ဘာ ၂၉ ရက် တွင် နှစ် (၅၀) ပြည့်မြောက်မည်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ဂျပန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် သိသိသာသာ တိုးတက်မှုရှိခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာက ပြောကြားသည်။

 

အဆိုပါကာလအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် အဆပေါင်း ၁၂၀ ခန့် အထိ မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမတိုင်မီက နှစ်နိုင်ငံအပြန်အလှန် ခရီးသွားသူဦးရေသည်လည်း ၁၂ သန်းအထိ မြင့်တက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်