မြစ်ကြီးနား စက်တင်ဘာ ၁၄

 

ကချင်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရန် (၄၉၉၀၀၀) ဧကကျော် လျာထားစိုက်ပျိုးခဲ့ရာ ဩဂုတ်လ တတိယပတ်ခန့်တွင် ဧက (၅၀၀၀၀၀) ကျော် စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် သုည ဒဿမ သုံးဆယ့်ရှစ် ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးထံမှ သိရသည်။

 

ယခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုးများ၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးဧက (၂၁၀၀) ကျော်ပျက်စီးခဲ့ရာ  စိုက်ပျိုးခါစတွင် ပျက်စီးသွားသည့် စိုက်ဧက (၁၉၀၀) ကျော် ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် အခြားသဘာဝဘေးကြောင့် မိုးစပါးဧက (၂၉၀) ကျော်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့က  တောင်သူများအား ထောက်ပံ့ကူညီ ပေးလျက်ရှိကြောင်း သိရသည်။

 

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားပြီး စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စံပြကွက်များ စိုက်ပျိုးပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးက ပြောသည်။

 

ယော်ဆောင်(ပြန်/ဆက်)