ပဲခူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်းအားစုတစ်ရပ်ဖြစ်ကာ အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကို အဖွဲ့ဝင်(၁၃)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာအခန်းကဏ္ဍများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီဝင်များ ဖွဲ့စည်းနိုင်ရေးနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးမြင့်ခိုင်မှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးတင်ပြမှုများအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)