ဘားအံ စက်တင်ဘာ ၁၃
ယာဉ်မောင်းသူအပါအဝင် စီးနင်းသူများအားလုံး ခရီးစဉ်အစအဆုံး အသက်ကယ်ထိုင်ခုံခါးပတ်ပတ်စေရေး၊ ယာဉ်မောင်းသူများ သတ်မှတ်လိုင်စင်ဖြင့်မောင်းနှင်စေရေးနှင့် အရက်သေစာသောက်စားမောင်းနှင်မှုမရှိစေရေး အတွက် ယာဉ်ရပ်နားစခန်းတွင်သာမကကြားစခန်းများတွင်လည်းပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ပညာပေးစစ်ဆေး အရေးယူမှုများဆောင်ရွက်ရန်လိုကြောင်း ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၌ ၂၀၂၁ ခုနှစ်တွင် ယာဉ်မတော်တဆမှု(၁၇၀)၊ ဒဏ်ရာရရှိသူ(၂၂၆)ဦး၊ သေဆုံးသူ(၈၉)ဦးရှိခဲ့ပြီး ဖြစ်ပွားမှုများတွင် ယာဉ်မောင်းသူကြောင့်အများဆုံးဖြစ်ပြီး မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှုမှာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင်က စံနမူနာပြလိုက်နာ ကျင့်သုံးစေရေး တွန်းအားပေးဆောင်ရွက်မှသာ ပြည်သူများကပါလိုက်ပါကျင့်သုံးလာမည်ဖြစ်သည့်အတွက် ဝန်ထမ်း များအနေဖြင့် အထူးအလေးထားလိုက်နာကြရန်လိုအပ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီမှ ချမှတ်ထားသောအထောက်အကူဖြစ်စေမည့် (Quick Win)အစီအမံ(၅)ရပ်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသာမက ပြည်သူအားလုံးကပါ Road Safety အဖြစ် အလေးအနက်ခံယူပြီး တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်နိုင်စေရန် စည်းရုံးလှုံ့ဆော်နိုင်မှသာ အဓိကရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်ခင်စီမှ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး Action Plan (2021-2030)ဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူး အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူးဟန်မွှေးက ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောယာဉ်မတော်တဆ မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး ကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကာ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အစည်းအဝေးသို့တက်ရောက်လာသော ခရိုင်အဆင့်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ များက အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)