ရန်ကုန် စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန် စိုက်ပျိုးမွေးမြူရေးရပ်ကွက်၊ ဘုရင့်နောင်လမ်း မီးသတ်ရေငုတ် တပ်ဆင်ထားရှိမှုနှင့် ရေပေးဝေရေးလိုင်းများ သွယ်တန်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မြို့တော်ဝန်သည် ရပ်ကွက်စုပေါင်းရုံးရှေ့၌ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနနှင့် တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနတို့ ပူးပေါင်း၍ ရွေ့လျားဈေးကားဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုး ရောင်းချပေးနေမှုကိုကြည့်ရှုစစ်ဆေးပြီး Mask များ ဝေငှသည်။ 

ထို့နောက် မြို့တော်ဝန်သည်  စားအုန်းဆီ (၁)ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားစီ၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀)လုံးစီ ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်သည် စုပေါင်းရုံးသို့ သွားရောက်၍ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊  မြို့နယ်နှင့် ရပ်ကွက်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်သည် စိုက်ပျိုးမွေးမြူရေးရပ်ကွက် အပိုင်း(၁) သမိန်ဗရမ်းလမ်း ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်