နေပြည်တော် စက်တင်ဘာ ၁၃

 

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးဖြစ်ကြောင်း မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က ပြောကြားသည်။

 

ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်နိုင်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်နယ်ဝန်ကြီးချုပ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ် အတွင်း အစုလိုက်အပြုံလိုက် (Cluster) ရောဂါပိုး မတွေ့ရှိရသေး သော်လည်း ရောဂါပိုး တွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးရိုးဗီဇပြောင်း မျိုးစိတ်အသစ် ရောဂါပိုးများ အန္တရာယ်မှ ကာကွယ်နိုင် စွမ်းမြင့်မားစေရန် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အစုလိုက် အပြုံလိုက် ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်းခဲ့သည်။

 

အဆိုပါ အစည်းအဝေး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

မွန်ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် (၁၈)နှစ်အထက် လူဦးရေ (၁၂၃၃၇၉၄)ဦး ရှိသည့်အနက် ပထမအကြိမ် ကာကွယ်ဆေး      ထိုးနှံပြီးစီးသူ    (၁၀၄၆၇၄၃)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၉၇၆၄၈၉)ဦး၊  Booster (3rd Dose) ထိုးနှံပြီးစီးသူ (၂၉၀၇၄၉)ဦး၊ Booster (4th Dose) ထိုးနှံပြီးစီးသူ (၁၅၈၉၇)ဦး ထိုးနှံပြီး စီးခဲ့ပြီး ဖြစ်ကြောင်းနှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကာကွယ်ဆေး ထိုးနှံရမည့် အခြေခံ ပညာကျောင်းသား၊ ကျောင်းသူဦးရေ (၂၅၅၅၆၂)ဦးအနက် ပထမ အကြိမ် (၂၄၅၃၄၃)ဦး၊ ဒုတိယအကြိမ် (၂၃၅၄၇၃)ဦးနှင့် အသက်(၁၂)နှစ် အထက်မှ(၁၈)နှစ် အတွင်း ကာကွယ်ဆေး ထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူဦးရေ (၄၆၁၂၄)ဦး အနက် ပထမအကြိမ်(၄၅၁၅၉)ဦး၊ ဒုတိယအကြိမ်(၄၃၂၉၇)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)