ဖွဲမီးကဲ့သို့  တငွေ့ငွေ့လောင်ကျွမ်းနေရာမှ မီးညွန့်မီးစွယ်ကလေး ထွက်လာသည့်နှယ်ပင် ကိုဗစ်-၁၉ ကပ်ရောဂါ သည် မိမိတို့နိုင်ငံတွင် ကျဆင်းငြိမ်သက်သွားရာမှ ယခုတစ်ဖန် ပြန်လည်ခေါင်းထောင်စပြုလာနေသည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်း တစ်ရာခိုင်နှုန်းအောက်ရောက်ရှိနေသည့် အခြေအနေမှ ယခုရက်ပိုင်း အတွင်း နှစ်ရာခိုင်နှုန်းအထက်၊ သုံးရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာသည့်အပြင် ရောဂါကြောင့် သေဆုံးသူ များလည်း ထွက်ပေါ်လာသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အတက်အကျကိုလိုက်၍ လှိုင်းများသတ်မှတ်ထားရာ   ပထမလှိုင်း (၂၃-၃-၂၀၂၀ မှ ၁၄-၈-၂၀၂၀ အထိ)တွင် ပိုးတွေ့သူ ၁၆၀ဝ ၌ သေဆုံးသူ ခြောက်ဦး၊ ဒုတိယလှိုင်း(၁၅-၈-၂၀၂၀ မှ ၂၄-၅-၂၀၂၁ အထိ)တွင် ပိုးတွေ့သူ ၁၄၁၇၀၈ ဦး၌ သေဆုံးသူ ၃၂၁၀၊ တတိယ လှိုင်း (၂၅-၅-၂၀၂၁ မှ ၂၇-၁-၂၀၂၂ အထိ)တွင် ပိုးတွေ့သူ ၃၉၁၃၆၃ ဦး၌ သေဆုံးသူ ၁၆၀၉၅ ဦးဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယခု   စတုတ္ထလှိုင်း  (၂၈-၁-၂၀၂၂  မှ  ၆-၉-၂၀၂၂ အထိ) တွင် ပိုးတွေ့သူ  ၈၁၁၂၉ ဦး၌ သေဆုံးသူ ၁၃၂ ဦး ရှိနေသည်။ စတုတ္ထလှိုင်းသည်ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစတင်ကာ ပိုးတွေ့နှုန်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ရောဂါကြောင့် သေဆုံးသူမှာလည်း ရက်အနည်းငယ်အတွင်း ၁၀ ဦးထက်မနည်း ရှိလာသည်။

 

စတုတ္ထလှိုင်းတွင်   ကိုဗစ်-၁၉   ကပ်ရောဂါသည်  မျိုးရိုးဗီဇပြောင်း   အိုမီခရွန်၏  မျိုးကွဲများအနေဖြင့်  အလွန် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်သည်။ ရောဂါကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုများကို   လေ့လာ ဆန်းစစ်ရာတွင်  ကနဦးတွေ့ရှိချက်အရ  ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများမှာ လွန်စွာ အန္တရာယ်မြင့်မားပြီး ကာကွယ်ဆေးကိုတစ်ကြိမ်၊ အကြိမ်ပြည့်၊ ထပ်ဆောင်းစသည်ဖြင့် ထိုးနှံပြီးလျှင် ပြီးသလောက်ရောဂါကူးစက် ခံရမှုနှင့် သေဆုံးမှုအန္တရာယ်တို့လည်း တစ်ဆင့်ထက်တစ်ဆင့် လျော့နည်းကျဆင်း စေသည်။  သို့ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှု ကို မပျက်မကွက်ခံယူကြခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် မှုကို ခုခံကာကွယ်ကြစေလိုသည်။

 

ထို့အပြင် ဘတ်စ်ကား၊ မီးရထား၊ ရုံး၊ ကျောင်း၊ ဈေး၊ ဘာသာ ရေး စုပေါင်းဝတ်ပြုရာနေရာများ၊ ကားဂိတ်၊ လေဆိပ်၊ စက်ရုံ၊ အလုပ်ရုံများ   စသည့်လူစုလူဝေးရှိရာ    နေရာများမှတစ်ဆင့်  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်   လူတိုင်းပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊   တစ်ဦးနှင့်တစ်ဦး  ခပ်ခွာခွာနေခြင်း၊  လက်ကို စနစ်တကျ    မကြာခဏဆေးကြောခြင်း   စသည်တို့အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက     ထုတ်ပြန်ထား သည့်    ကိုဗစ်-၁၉ ရောဂါ    ကာကွယ်တားဆီးရေးဆိုင်ရာ  သတ်မှတ်ချက်များနှင့် အညီ   မပျက်မကွက်   လိုက်နာ ကျင့်သုံး   ဆောင်ရွက်ကြခြင်းဖြင့် တစ်ကျော့ပြန် ခေါင်းထောင်လာသည့် ကိုဗစ်-၁၉ စတုတ္ထလှိုင်းကို အမြန်ဆုံး ထိန်းချုပ်ကာကွယ်နိုင်ကြပါစေကြောင်း။       ။

မြန်မာ့အလင်း