စက်တင်ဘာ ၁၅

 

ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်တွင် စက်တင်ဘာ ၁၃ ရက်က လူနေအဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ရှစ်ဦးရှိလာကြောင်း ပြည်သူ့လုံခြုံရေးဦးစီးဌာန ( ပီအက်စ်ဒီ )က ယမန်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါအဆောက်အအုံပြိုကျအပျက်အစီးများအောက်မှ အသက် ၅၀ အရွယ် လူကြီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ကို ဆွဲထုတ်ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ထိုပီအက်စ်ဒီက ထပ်လောင်းပြောကြားသည်။

 

ထိုအဆောက်အအုံပြိုကျမှုကြောင့် ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင်ပီထရာသတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ကယ်ဆယ်ရေးအဖွဲ့များသည် ထိုအပျက်အစီးအောက်တွင်ပိမိနေသူအားလုံးအား ကယ်ဆယ်နိုင်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်လျက်ရှိသည်ဟု အရပ်ဘက်ကာကွယ်ရေးညွှန်ကြားရေးမှူး ဟာတမ်ဂျေဘာက သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။

 

ယင်းအဆောက်အအုံပြိုကျမှုတွင် စုံစမ်းစစ်ဆေးမှုဆိုင်းငံ့ထားသူသုံးဦးကို ထိန်းသိမ်းထားရန် အမ်မန်အစိုးရရှေ့နေချုပ်က ညွှန်ကြားခဲ့သည်။

 

ထိုသုံးဦးသည် အဆောက်အအုံပိုင်ရှင်၊ ပြုပြင်ထိန်းသိမ်းမှုကြီးကြပ်သူနှင့် ပြုပြင်ထိန်းသိမ်းရေး နည်းပညာရှင် တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို