ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ရွေ့လျားဈေးကားများဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံနှင့် အသားမျိုးစုံကို လိုက်လံရောင်းချပေးလျက်ရှိသည်။ 

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်နှင့် ကျောက်မြောင်းကြီးရပ်ကွက်သို့ လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်အိမ်ရာဝင်းနှင့် ထီးတန်းအိမ်ရာဝင်းသို့ လည်းကောင်း၊ ကမာရွတ်မြို့နယ် ဆင်မလိုက်အိမ်ရာဝင်းသို့ လည်းကောင်း၊ သင်္ဘောကျင်းအိမ်ရာဝင်းနှင့် ပြည်ရိပ်မွန်အိမ်ရာဝင်းသို့ လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း၊ စည်ပင် (၁၂)ထပ်ခွဲရုံးဝင်းသို့ လည်းကောင်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမရုံးဝင်းသို့ လည်းကောင်း ရွေ့လျားဈေးကားများဖြင့် သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်၊ မေတ္တာလမ်းတွင် (Mobile Market) စနစ်ဖြင့် ဈေးရောင်းချပေးနေမှု၊ (၁၀)ရပ်ကွက် ပဒေသာစျေးအတွင်း စျေးရောင်း/စျေးဝယ် ပြုလုပ်နေမှု၊ ဗိုလ်တထောင်မြို့နယ် လေမှုတ်စက်ရုံဝင်းအတွင်း (Mobile Market) စနစ်ဖြင့် ဈေးရောင်းချပေးနေမှုတို့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရောင်း/ဈေးဝယ်များနှင့် လမ်းတွင်သွားလာသူများကို Mask များ ဝေငှခဲ့ကြောင်း သိရသည်။

အမှန်တကယ်လိုအပ်သည့် ရပ်ကွက်များကို အလှည့်ကျ ဝင်ရောက်ရောင်းချပေးနိုင်ရေးနှင့် ဝင်ငွေနည်းမိသားစုများကို ရေရှည်ရောင်းချပေးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် စားအုန်းဆီ (၁)ပိဿာလျှင် ကျပ် ၅၄၀၀ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သား၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၁၇၅ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀)လုံး ဝယ်ယူနိုင်ရေး စနစ်တကျ တန်းစီရောင်းချပေးလျက်ရှိသည်။ 

ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့သည် ပဒေသာစျေးသို့လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တရာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းအကြား လမ်းလယ်ကျွန်း မြေယာရှုခင်း ပြုပြင်နေမှုကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ လေမှုတ်စက်ရုံသို့ လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ် ၃၅၁၊ ၃၆၁ ရှိ ယခင် မြန်မာ့မီးရထားရုံးချုပ် ရုံးဟောင်းမြေနေရာ၌ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်