သတင်းဆောင်းပါး - ဒေါက်တာမောင်သင်း
နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှု သည် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ၁၂ ရက်တိုင်တိုင် အီရန်နိုင်ငံ တီဟီရန်မြို့တွင် “ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက် (World Literacy Congress)” ကြီးတစ်ရပ် ကျင်းပခဲ့ရာမှ စတင်ခဲ့ပါသည်။ ထိုပထမဦးဆုံး စာမတတ်သူ ပပျောက်ရေး ကမ္ဘာ့ညီလာခံကြီး ကျင်းပသည့်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာစာတတ်မြောက်ရေးနေ့”ဟု ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့သော ယူနက်စကို အထွေထွေ ညီလာခံကြီးက ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ယူနက်စကို အဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် နိုင်ငံတကာ စာတတ် မြောက်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်တွင် ပါဝင် လှုပ်ရှားခဲ့ပေသည်။ တကယ်တော့ ထို့အဖွဲ့ဝင်မဖြစ်မီ ကိုယ့်ထီးကိုယ့်နန်းဖြင့် တင့်တင့်တယ်တယ် နေကတည်းကပင် မြန်မာလူမျိုးတို့၏ စာတတ် မြောက်ရေးကို ကြိုးပမ်းမှုသည် ထင်ရှားခဲ့ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် “စာမတတ်လျှင် အကန်း” ဟူသည့် အဆိုတစ်ရပ်ကို လက်ခံကျင့်သုံးပြီး စာပေ တတ်မြောက်မှုကို ကြိုးပမ်းခဲ့၍ ခေတ်အဆက်ဆက် စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ကြောင်း လေ့လာ တွေ့ရှိရပေသည်။ ယနေ့ခေတ်တိုင်အောင် မြန်မာ့ စာတတ်မြောက်ရေးလုပ်ငန်းစဉ်သည် ရှင်သန် လျက်ရှိနေပါသည်။
မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ
စာတတ်မြောက်ရေး ကြိုးပမ်းမှု
(က) စာတတ်မြောက်မှု အစောဆုံးမှတ်တမ်း
၁၉၄၇ ခုနှစ် ယူနက်စကို၏ အစီရင်ခံစာတွင် “မြန်မာနိုင်ငံ စာတတ်မြောက်မှုနှင့်ပတ်သက်၍ အစောဆုံးမှတ်တမ်းမှာ ခရစ်နှစ် ၁၅၆၀ ပြည့်နှစ် ပဲခူးသို့ လာရောက်သည့် ခရီးသွားတစ်ဦးက ရေးသားထားမှုတွင် တွေ့ရှိရကြောင်း၊ ထိုမှတ်တမ်း၌ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြန်မာတို့သည် ယောကျ်ားကလေးများအား မြန်မာဘုန်းတော်ကြီး ကျောင်းများသို့ စာသင်ကြားရန် စေလွှတ်လျက် ရှိသည့် အလေ့အကျင့်ကောင်းတစ်ရပ်ရှိကြောင်း၊ ထိုဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် ယနေ့တိုင်လည်း သင်ကြားပေးလျက်ရှိသဖြင့် မြန်မာ့ ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေး တွင် အခြေခံပြီး ဖွံ့ဖြိုးလာခြင်းဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူးကြောင့် မြန်မာတို့ စာတတ်မြောက်မှုနှုန်းသည် သိသိသာသာ မြင့်မားနေကြောင်း”ဟူ၍ ရေးသားထားမှုက ကိုယ့်ထီး ကိုယ့်နန်းနှင့် အုပ်စိုးစဉ်အချိန်ကပင် မြန်မာတို့သည် ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူးကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ကြောင်းကို ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရပေသည်။
(ခ) အင်္ဂလန်ထက် စာတတ်မြောက်မှုနှုန်းမြင့်သည့် မြန်မာနိုင်ငံ
စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးအစဦးကာလ မြန်မာနိုင်ငံအစိုးရ၏ “(၈) နှစ်တာ ပညာရေးအစီရင် ခံစာ (၁၉၄၇-၄၈ မှ ၁၉၅၄-၅၅ ခုနှစ်ထိ)” တွင် မြန်မာနိုင်ငံ သုတေသနအသင်းကို ဦးစီးတည်ထောင် ခဲ့သည့် မစ္စတာ ဖာနီဘယ် (Mr. J.S. Furnivall) သည် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှင့် ပတ်သက်၍ ၁၉၃၁ ခုနှစ်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်ဟု ဖော်ပြခဲ့ပါသည် -
“၁၈၃၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကော်မရှင်နာမင်းကြီးက မြန်မာနိုင်ငံအောက်ပိုင်း၏ ပညာရေးနှင့်ပတ်သက်၍ အစီရင်ခံခဲ့သည်မှာ မြန်မာတိုင်းလိုလို စာရေး၊ စာဖတ်တတ်မြောက် ကြပါသည်။ သေချာသည့် အချက်တစ်ချက်မှာ မြန်မာတို့၏ စာရေး၊ စာဖတ်တတ်မြောက်မှုနှုန်းသည် အင်္ဂလန်နိုင်ငံသားတို့ထက် များစွာသာလွန်နေသည့် အချက်ပင်ဖြစ်ပါသည်။”
၁၈၃၁ ခုနှစ်သည် မြန်မာ့သမိုင်းတွင် ကုန်းဘောင် ခေတ်နှောင်းပိုင်းဖြစ်၍ ၁၈၂၄ ခုနှစ် နောက်ပိုင်းတွင် အောက်မြန်မာပြည်ဖြစ်သည့် တနင်္သာရီနှင့် ရခိုင် တို့ကို အင်္ဂလိပ်တို့က သိမ်းပိုက်ထားပြီးဖြစ်ပါသည်။ ၁၈၃၁ ခုနှစ် အစီရင်ခံစာကို ရေးသားသူမှာ အင်္ဂလိပ် အစိုးရ၏ ပထမဦးဆုံး မြန်မာနိုင်ငံတော်ဆိုင်ရာ ကော်မရှင်နာမင်းကြီး ဖြစ်ပါသည်။ ၁၉၃၁ ခုနှစ်တွင် စာတမ်းတင်သွင်းသူ မစ္စတာ ဖာနီဘယ်သည်လည်း ဗြိတိသျှလူမျိုးဖြစ်ပြီး ယခင်က အင်္ဂလိပ်ပဋိညာဉ်ခံ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်၍ အဆိုပါ ဗြိတိသျှ လူမျိုးနှစ်ဦး၏ မှတ်တမ်းတွင် “မြန်မာ့စာတတ် မြောက်မှုနှုန်းအလွန်မြင့်မားသည်”ဟု ရေးသားထား ခြင်းက မြန်မာတို့၏ ကုန်းဘောင်ခေတ် စာတတ် မြောက်မှုနှုန်း မြင့်မားမှုသမိုင်းကို ပြဆိုနေခြင်း ဖြစ်ပါသည်။
(ဂ) မြန်မာတို့သည် သင်ယူလိုစိတ်ရှိသူများပါ
လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်မှာ ဦးနုဖြစ်ပါသည်။ သူ၏ နိုင်ငံတော်တည်ဆောက်ရေးအတွက် ထင်ရှားသော စကားမှာ “နိုင်ငံတော်ကို ဖိုးသုညတွေနှင့် တည်ဆောက်၍ မအောင်မြင်နိုင်”ဟူ၍ပင် ဖြစ်ပါ သည်။ သို့ဖြစ်၍ လွတ်လပ်ရေးရသည့်နှစ်မှာပင် “လူထုပညာအက်ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၄၉ ခုနှစ်တွင် “လူထုပညာရေးကောင်စီ” ကို ဖွဲ့စည်းခဲ့ပြီး “အသုံးလုံး” သင်တန်းကို စတင်ဖွင့်လှစ်ပို့ချခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် “ဘဝသစ်ပညာရေးစီမံကိန်း” ကို ချမှတ်ကာ ကျောင်းများတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။
ဤကာလတွင် မြန်မာနိုင်ငံအပါအဝင် အာရှ နိုင်ငံများသို့ လာရောက်လေ့လာသည့် သတင်း ထောက် Ronald Stead က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ယူနက်စကိုဌာနချုပ်သို့ “Burma wants to Learn (မြန်မာတို့သည် သင်ယူလိုစိတ်ရှိသူများပါ)” ဟူသည့် အစီရင်ခံစာကို ရေးသားပေးပို့ခဲ့ပါသည်။ ထိုအစီရင် ခံစာတွင် “တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများ တွင် စာတတ်မြောက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းမျှသာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ၃၆ ရာခိုင်နှုန်းရှိနေ ရခြင်း၏ အခြေခံအကြောင်းတရားမှာ လူဦးရေ ၁၉ သန်းခန့်ရှိသည့် မြန်မာနိုင်ငံ၌ လူ ၁၀ ဦးတွင် ရှစ်ဦးက ဗုဒ္ဓဘာသာ ဖြစ်နေကြောင်း ဖြစ်ပါသည်” ဟုဖော်ပြထားရာ ဘုန်းတော်ကြီးကျောင်းများက စာရေး၊ စာဖတ်သင်ပေးခြင်းကြောင့်သာ ဖြစ်ကြောင်း မြင်မိပါသည်။
ထို့အပြင် “မြန်မာတို့သည် သင်ယူလိုစိတ်ရှိသူ များပါ”ဟု ခေါင်းစဉ်တပ်၍ ယူနက်စကိုသို့ အစီရင် ခံစာတင်သွင်းရခြင်းမှာ ပြည်တွင်းသောင်းကျန်းမှု များ ပြည့်နေသည့် လွတ်လပ်ရေးရပြီးခါစအချိန်တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့အနေဖြင့် အထက်ဖော်ပြပါ လူထုပညာအက်ဥပဒေပြဋ္ဌာန်းခြင်း၊ လူထုပညာရေး ကောင်စီဖွဲ့စည်းခြင်းနှင့် “ဘဝသစ်ပညာရေးစီမံကိန်း” ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုကို တွေ့ရှိရပြီး လက်တွေ့ဆောင်ရွက်နေမှုတို့ကြောင့် ရည်ညွှန်းခဲ့ဟန်တူပါသည်။
ကုန်းဘောင်ခေတ်နှောင်းကာလ ၁၈၃၁ ခုနှစ် တွင် ၈၅ ရာခိုင်နှုန်းကျော် စာတတ်မြောက်ရာမှ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွင် ၃၆ ရာခိုင်နှုန်းသာ မြန်မာများ စာတတ်မြောက်ခဲ့ရခြင်းသည် သမိုင်း၏ ဆိုးမွေဟုသာ ကျွန်တော်တို့ သင်ခန်းစာယူခဲ့ကြကာ စာတတ်မြောက်မှုနှုန်းမြင့်မားလာအောင် ပြန်လည် ကြိုးပမ်းခဲ့ကြပေသည်။ ၁၉၅၁ ခုနှစ်တွင် ပညာရေး ပြဿနာများကို မြန်မာနိုင်ငံတွင် လေ့လာခဲ့သည့် ယူနက်စကိုပညာရေးမစ်ရှင်အဖွဲ့၏ အစီရင်ခံစာတွင် “မြန်မာနိုင်ငံ တိုးတက်ကြီးပွားရေးသည် ပညာရေး ကောင်းမွန်မှုအပေါ်တွင် အမှီသဟဲပြုနေကြောင်း အစိုးရက တထစ်ချ အသိအမှတ်ပြုထား၏။ တိုင်းသူပြည်သားတို့၏ အလိုဆန္ဒအတိုင်း ပြည့်ဝ စေရန် ရည်ရွယ်ချက်ထားကာ ပညာသင်ကြားရေး စီမံကိန်းများ ရေးဆွဲလျက် ဆောင်ရွက်ပေးရန် သန္နိဋ္ဌာန်ချထားသော အစိုးရအား ဤယူနက်စကို ပညာရေးမစ်ရှင်အဖွဲ့က ချီးကျူးပါ၏”ဟု ဖော်ပြ ထားခြင်းက မြန်မာများ စာတတ်မြောက်မှုနှုန်း မြင့်မားအောင် လွတ်လပ်ရေးခေတ်ဦးကပင် ကြိုးပမ်း နေကြောင်း လေ့လာတွေ့ရှိရပေသည်။
(ဃ) ဘတ်ဂျက်မလိုပါ၊ ခွင့်ပြုချက်သာလိုသည့် စီမံကိန်း
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေးတာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီးလှဟန်အား ပညာရေးအထူးအရာရှိ ဆရာကြီး ဦးသံဗျင်က တွေ့ဆုံခွင့်တောင်း၍ မြန်မာနိုင်ငံတွင် စာတတ် မြောက်ရေး ဆောင်ရွက်မည့်အစီအစဉ်ကို တင်ပြ ခဲ့ပါသည်။ ဗိုလ်မှူးကြီးလှဟန်က “ကောင်းလိုက်တဲ့ စီမံချက်ပါ ဆရာကြီး၊ ဒါပေမဲ့ ဒီနှစ်မှာ ဘတ်ဂျက်ထဲ မထည့်ထားတဲ့အတွက် နောက်နှစ်မှ ဆောင်ရွက် ရလိမ့်မယ်ထင်တယ်”ဟု ဖြေကြားရာ ဆရာကြီးက “တာဝန်ခံကြီးခင်ဗျာ ကျွန်တော်ဘတ်ဂျက်မလိုပါ၊ တာဝန်ခံကြီးရဲ့ ခွင့်ပြုချက်သာလိုပါတယ်ခင်ဗျာ” ဟု ပြောကြားခဲ့ပါသည်။
(င) လူထုလှုပ်ရှားမှုစီမံကိန်း
ပညာရေးတာဝန်ခံက “ဒါဆို ဘယ်လိုဆောင်ရွက် မှာလဲ ဆရာကြီး” ဟု မေးမြန်းရာ “ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပါမည်” ဟု ဆရာကြီး က ဆောင်ရွက်မည့်အစီအစဉ်ကို အကျဉ်းချုံး ပြောပြရာ “ဘတ်ဂျက်မလိုဘဲ ဆောင်ရွက်နိုင်လျှင် ဆောင်ရွက်ပါခင်ဗျာ၊ ခွင့်ပြုပါသည် ဆရာကြီး” ဟု ပညာရေးတာဝန်ခံက ပြန်လည်ပြောကြားခဲ့ပါသည်။ ဉာဏ်ပြေးသည့် ပညာရေးပညာရှင်ကြီးနှင့် အမြော် အမြင်ကြီးသည့် ပညာရေးတာဝန်ခံတို့၏ ထိုနေ့ လုပ်ရပ်လေးသည် မြန်မာမှသည် ကမ္ဘာတစ်လွှားသို့ ယနေ့တိုင် ခရီးဆက်နေကြောင်းကို ဆက်လက် ဖော်ပြသွားပါမည်။
ဘတ်ဂျက်သည် အဓိကမဟုတ်၊ ဉာဏ်ပညာနှင့် စေတနာကသာ အဓိကဖြစ်ကြောင်း မြန်မာ့ ပညာရေးသမိုင်းတွင် ကမ္ပည်းမော်ကွန်းထိုးခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ယူနက်စကို အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်း စာတတ်မြောက်ရေး လှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ် နွေရာသီ ကာလများတွင် ကံဘဲ့ဆရာအတတ်သင်သိပ္ပံကျောင်း မှ ကျောင်းသားလေးဦး၏ စေတနာလုပ်အားဖြင့် မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာတွင် စတင် စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် လူထု လှုပ်ရှားမှုအသွင်ဖြင့် ၁၉၆၉ ခုနှစ်တွင် စီမံကိန်း မြို့နယ်များကို သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံ စာတတ်မြောက်မှု၏ ထူးခြားချက် အနေဖြင့် နိုင်ငံတော်မှ ဘတ်ဂျက် လုံးဝကျခံခဲ့ခြင်း မရှိခဲ့ပါ။ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသများမှ ကျခံသုံးစွဲရပါသည်။ ထို့အပြင် -
(၁) စီမံကိန်းမြို့နယ်ဒေသ ရွေးချယ်သတ်မှတ် ခြင်း ၊
(၂) စေတနာ့ဝန်ထမ်းလုပ်ငန်းဖြစ်ခြင်း၊
(၃) ဒေသခံပြည်သူများနှင့် တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူပြည်သူတို့၏ ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်ခြင်း၊
(၄) စီမံကိန်းမြို့နယ်များတွင် နှစ်လုံးပေါက် သင်ကြားရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
(၅) လူထုလှုပ်ရှားမှုလုပ်ငန်းအဖြစ် တက်ကြွ စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
စည်းရုံးလှုပ်ရှားရေးကို နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ ပို့စကတ်များ၊ ရင်ထိုး တံဆိပ်များ၊ အလံငယ်များ၊ ယပ်တောင်၊ လွယ်အိတ်၊ ဦးထုပ်၊ သော့ချိတ်များ စသည်ဖြင့် ပြုလုပ်ကာ ရန်ပုံငွေရှာခဲ့ကြပါသည်။ သင်ကြားရေးအထောက် အကူပစ္စည်းများဖြစ်သည့် မြေဖြူ၊ ကျောက်သင်ပုန်း၊ ကျောက်တံ၊ ဗလာစာအုပ်၊ ဖယောင်းတိုင်၊ မီးအိမ် စသည်တို့ကို ပြည်သူများက လှူဒါန်းခဲ့ကြပါသည်။ ပန်းချီ၊ ပိုစတာ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်း စာစောင်၊ သီချင်း၊ သတင်းစဉ်၊ ရုပ်ရှင် (အထင်ရှားဆုံး မှာ ဆရာကြီးဦးသုခ၏ မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်ကို အခြေခံထားသည့် “ဘယ်သူပြိုင်လို့လှပါတော့နိုင်” ဖြစ်ပါသည်) ရပ်ရွာ အငြိမ့်ဇာတ် သဘင်၊ ဆိုင်း၊ တီးဝိုင်း စသည်တို့ကို အသုံးပြု၍ စည်းရုံးခဲ့ကြပါသည်။
ထိုစဉ်ကာလ တက္ကသိုလ်၊ ကောလိပ် သိပ္ပံ ကျောင်းများမှ ကျောင်းသား ကျောင်းသူများက လည်း နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း သက်ဆိုင်ရာ စာတတ်မြောက်ရေး မြို့နယ်များသို့ သွားရောက်လုပ်အားပေးခဲ့ကြရာ ၁၉၆၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ “စေတနာလုပ်အားပေးဆရာ” ၈၈၃၉၇၆ ဦး ရှိခဲ့ပေသည်။ သူတို့သည် ပြည်သူနှင့် တစ်သားတည်းနေထိုင်ကာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ဘတ်ဂျက်မလိုသည့် မြန်မာ့စာတတ်မြောက်ရေး
စီမံကိန်း၏ အောင်မြင်မှု
နိုင်ငံတကာ စာတတ်မြောက်ရေး အစီအစဉ် အရ အကောင်အထည်ဖော် ဆောင်ရွက်သည့်ကာလ ၁၉၆၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ သက်ကြီးစာတတ် မြောက်သူဦးရေ ၂၀၀၃၈၄၇ ဦး ရှိခဲ့ပါသည်။ တိုင်း/ ပြည်နယ်လုံးကျွတ် စာတတ်မြောက်မှု ခြောက်ခုရှိပြီး မြို့နယ်ပေါင်း ၂၄၇ မြို့နယ်တွင် မြို့နယ်လုံးကျွတ် စာတတ်မြောက်ခဲ့ပေသည်။ ဆရာကြီး ဦးသောင်းထွဋ် က ၁၉၈၄ ခုနှစ်တွင် အနောက်ဘာလင်၌ ကျင်းပ သည့် စာတတ်မြောက်ရေးညီလာခံသို့ “Burmese Way to Literacy” စာတမ်းကို တင်သွင်းရာ ဘတ်ဂျက် မလိုသည့် စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု၊ စာတတ်မြောက်ရေး လှုပ်ရှားမှုကို အထူးအံ့ဩခဲ့ကြ ပါသည်။ ကမ္ဘာကလည်း သိသွားကြပါသည်။
သို့ပါ၍
(က) ၁၉၇၁ ခုနှစ်တွင် “နိုင်ငံတကာစာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ယူနက် စကိုကချီးမြှင့်သည့် မိုဟာမက်ရေဇာ ပါလဗီရ်ဆု (The Mohammad Reza Pahlavi Prize)” နှင့်
(ခ) ၁၉၈၃ ခုနှစ်တွင် “နိုင်ငံတကာ စာတတ် မြောက်ရေး၊ သက်ကြီးဖတ်စာများ၊ စာစဉ်များအတွက် ယူနက်စကိုမှ နိုမာဆို ဆု (Norma Prize)” တို့ကို ဆွတ်ခူးရရှိ ခဲ့ပေသည်။
မြန်မာ့ ဦးသံဗျင်မှသည် ကမ္ဘာတစ်လွှားမှ
ယူနီဆက် နိုင်ငံများဆီသို့
မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးလှုပ်ရှားမှု သည် စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှုတစ်ရပ် အဖြစ် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းသည် မြန်မာ နိုင်ငံ၏ စာတတ်မြောက်မှုလုပ်ငန်းလောက်တွင်သာ ရပ်မနေခဲ့ပါ။ ကမ္ဘာတစ်လွှားသို့ ဆက်လက်ချီတက် ခဲ့ပေသည်။ ထိုလုပ်ငန်းအစတွင် ပညာရေးတာဝန်ခံ မှာ ဗိုလ်မှူးကြီးလှဟန်ဖြစ်သော်လည်း နောက်ပိုင်း တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ ဒေါက်တာညီညီက လွှဲပြောင်းတာဝန်ယူခဲ့သဖြင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေးလုပ်ငန်းများတွင် ပါဝင်တာဝန်ယူခဲ့ရပေသည်။
ဆရာကြီး ဒေါက်တာညီညီသည် ပြည်တွင်း တာဝန်ထမ်းဆောင်မှုမှ အငြိမ်းစားယူပြီးနောက် “ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)” တွင် ညွှန်ကြားရေးမှူးအဖြစ် သွားရောက် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထိုတာဝန်ထမ်းဆောင်နေစဉ် အတွင်း မြန်မာ ဦးသံဗျင်၏ စေတနာ့ဝန်ထမ်းနှင့် လူထုလှုပ်ရှားမှုနည်းလမ်းကို ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့တွင် လက်တွေ့အသုံးပြုခဲ့ပါသည်။ တစ်နှစ်အောက်ကလေးများအား ကာကွယ်ဆေး ခြောက်မျိုးကို နှစ်စဉ် ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေး ခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပေသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် ယခင်က တစ်ကမ္ဘာလုံးတွင် တစ်နှစ်အောက် ကလေးများ ၁၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ရာမှ ငါးနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် တစ်နှစ် အောက်ကလေးများ ၈၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သဖြင့် တစ်နှစ်မပြည့်မီ တစ်ကမ္ဘာလုံးတွင် ကလေးများ သန်းနှင့်ချီ၍ သေဆုံးမှုနှုန်း လျော့နည်းလာခဲ့ပါသည်။
ဆရာကြီး ဒေါက်တာညီညီအား ချီးကျူးခဲ့ကြ ပါသည်။ စာရေးသူ လေ့လာမိသလောက် တင်ပြ ရလျှင် လူထုလှုပ်ရှားမှုတွင် ကမ္ဘာတစ်ဝန်းလုံးတွင် လုပ်အားခ ပေးချေရခြင်းများ မရှိခဲ့ပါ။ စေတနာ့ ဝန်ထမ်းလုပ်ငန်းသည် အခမဲ့ဖြစ်ပါသည်။ ထိုစရိတ် သက်သာမှုကို ယူနီဆက်အနေဖြင့် ဆေးဝါးထုတ်လုပ် ရာတွင် ပိုမိုသုံးစွဲနိုင်ခြင်း၊ လူထုလူတန်းစား အလွှာ ပေါင်းစုံ (အလုပ်သမား၊ လယ်သမား၊ စာပေ၊ ဂီတ၊ အနုပညာရှင်၊ တီဗွီ၊ သတင်းစာ၊ မီဒီယာသမားများ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ စီးပွားရေးသမားများ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံတော်၏ တရားဝင်လက်နက်ကိုင်ကာကွယ်ရေး ဝန်ထမ်းများ စသည်ဖြင့်) လှုံ့ဆော်မှု၊ စည်းရုံးမှု တို့ကြောင့် တစ်နှစ်အောက် ကလေးများ၏ မိဘများ ကျန်းမာရေးအသိ မြင့်မားလာကာ မိမိတို့၏ကလေး များ အသက်ရှင်သန်ရေးအတွက် မဖြစ်မနေ ပါဝင် လာခြင်းတို့ကြောင့် ဖြစ်ပေသည်။
ပညာရေးအဟောသိကံနှုန်းလျှော့ချရေးနှင့်
မြန်မာ့စာတတ်မြောက်မှုနည်းလမ်း
စာရေးသူသည် ကြေးမုံသတင်းစာတွင် (၂၂- ၂၃.၈.၂၀၂၂) ရက်နေ့တွင် “ပညာရေး ယိုပေါက်ကို ပြည်သူ့အားဖြင့် ပိတ်ပင်တားဆီးရေး” ဟူသည့် ဆောင်းပါးရေးသား၍ ပါဝင်သင့်သည့် လူထု လူတန်းစားအသီးသီးကို လှုံ့ဆော်ခဲ့ပါသည်။ ထိုသို့ လှုံ့ဆော်နေရုံဖြင့်လည်း မပြီးသေးပါဟု မြင်မိပါ သည်။ အထက်ဖော်ပြပါ အလွန်အောင်မြင်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားမှုကဲ့သို့ စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု အသွင်ဖြင့် “ဘတ်ဂျက်မလို၊ ပြည်သူလူထုပါဝင်မှု သာလိုသည်” ဆိုသည့် အမြင်ဖြင့် စမ်းသပ်မြို့နယ် များ သတ်မှတ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကာလသို့ ရောက်ရှိနေပြီဟု မြင်မိ ပါသည်။
နိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန် သည့် ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်၊ အနုပညာရှင် ပေါင်းစုံ၊ မီဒီယာ အစုံအလင်၊ စေတနာရှင်ပြည်သူများ၊ လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်ခဲ့လျှင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်လွှားတွင်လည်း အောင်မြင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်လက် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီ ဖြစ်ပါသည်။ သို့မှသာ အခြေခံပညာမပြီးဆုံးဘဲ အရွယ်မတိုင်မီ ကျောင်းထွက်ခဲ့ရသည့် ကျောင်းနေ အရွယ် ၈၁ ရာခိုင်နှုန်းသည် ကျောင်းပြီးဆုံးသည်အထိ တက်ရောက်နိုင်လိမ့်ကြမည်မှာ မလွဲပါဟု ယုံကြည် မိပါသည်။
ဂုဏ်ပြုပူဇော်အပ်ပါသည်
ဤသည်မှာ “ဘတ်ဂျက်မလို၊ ခွင့်ပြုချက်သာ လိုသည့် မြန်မာ့စာတတ်မြောက်ရေး ခေတ်သစ် နည်းလမ်း” သည် မြန်မာများအား “စာမတတ်လျှင် အကန်းဘဝ”မှ လွတ်မြောက်စေသည်သာမက တစ်နှစ်အောက် ကမ္ဘာ့ကလေးသူငယ်များ နှစ်စဉ် သန်းနှင့်ချီ၍ သေဆုံးမှုနှုန်း လျော့နည်းလာကာ ကျန်းမာကြံ့ခိုင် သန်စွမ်းစွာဖြင့် အသက်ရှင်ခွင့်၊ ကြီးထွားခွင့်ရလာခဲ့ပေသည်။
မြန်မာ့စာတတ်မြောက်ရေး လုပ်ငန်းစဉ်သည် ယူနက်စကိုနှင့်ပူးပေါင်း၍ ယနေ့တိုင်အောင် ရှင်သန် လှုပ်ရှားနေဆဲဖြစ်သကဲ့သို့ ယူနီဆက်ကလည်း လူထုပူးပေါင်းပါဝင်မှု နည်းလမ်းကို ဆက်လက် အသုံးပြုနေဆဲဖြစ်ပါသည်။
ဤသို့လျှင် “မြန်မာ့အကန်းများ မရှိစေရန်” တစ်နည်းအားဖြင့် “ပညာအလင်းဘဝဖြင့် အသက် ရှင်သူ မြန်မာများ” ဖြစ်ထွန်းလာအောင် ကြိုးပမ်း ခဲ့သည့် ကွယ်လွန်သူ မြန်မာ့ပညာရေးပညာရှင် ဆရာကြီး ဦးသံဗျင်၊ ထိုကာလတွင် ဝိုင်းဝန်းဦးဆောင် ခဲ့ကြသည့် ဗိုလ်မှူးကြီးလှဟန်၊ ယနေ့ သက်တော် ရှည် မြန်မာ့ပညာရေးပညာရှင် ဒေါက်တာသန်းဦး၊ ဆရာကြီး ဦးသောင်းထွဋ် (ကွယ်လွန်)၊ မြို့နယ်ပေါင်း ၂၄၇ မြို့နယ်တွင် ပါဝင်လှုပ်ရှား အကောင်အထည် ဖော် ဆောင်ရွက်ပေးကြပါသော စေတနာ့ဝန်ထမ်း တက္ကသိုလ်ကောလိပ်များမှ ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမများ၊ စေတနာရှင် မိဘပြည်သူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာကြီး ဦးသံဗျင်၏ စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု နည်းလမ်းကို ဆက်လက်အသုံးပြုပြီး ကမ္ဘာ့ကလေး များ နှစ်စဉ်သန်းနှင့်ချီ၍ သေဆုံးမှုမှ ကင်းဝေးအောင် စွမ်းဆောင်ခဲ့ပြီး “မြန်မာ့ ဦးသံဗျင်၏ နည်းလမ်း” ကို ကမ္ဘာသို့ ဖြန့်ဝေပေးခဲ့သည့် ကွယ်လွန်သူ ဆရာကြီး ဒေါက်တာညီညီနှင့် မြန်မာဘုန်းတော်ကြီး သင် ပညာရေးဖြင့် မြန်မာတို့အား စာပေတတ်မြောက် စေရေးနှင့် အခမဲ့ပညာရေးကို ခေတ်သမိုင်း အဆက် ဆက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့တိုင်လည်း ဆက်လက်သင်ကြားပေးနေကြ ပါသော ဗုဒ္ဓဘာသာ ရဟန်းသံဃာတော် အရှင်မြတ် များ၏ ကျေးဇူးဂုဏ်ကို ပူဇော်လျက် ရေးသားလိုက် ရပါသည်။ ။
ကျမ်းကိုး
(၁) ဒေါက်တာသန်းဦး (၂၀၁၇) ပညာရေး ဆောင်းပါးပေါင်းချုပ်
(၂) ဦးသောင်းထွဋ် (၂၀၁၅) မြန်မာ့ပညာရှုခင်း (ဒုတိယအကြိမ်)
(၃) ဒေါက်တာညီညီ (၂၀၁၅) တက္ကသိုလ် ပြုပြင်ပြောင်းလဲရေး
(၄) Octennaial Report on Education in Burma (1956) Gov. Printing Press
(၅) ဦးဘသင် (၁၉၅၈) ယူနက်စကိုမစ်ရှင်အဖွဲ့၏ ၁၉၅၁ ခုနှစ် အစီရင်ခံစာ၊ အစိုးရပုံနှိပ်တိုက်