ပွင့်ဖြူ         စက်တင်ဘာ         ၁၆

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဇွန်လကုန်ပိုင်းကစပြီး မိုးစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယခုလဆန်းပိုင်းတွင် သတ်မှတ်လျာထားဧက ၆၉၀၉၄ ဧကထက် ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

           

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများကို မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ(၁၅)ရက်နေ့က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးမှုကြောင့် ဒေသခံတောင်သူ များအတွက် စိုက်ပျိုးရေလုံလောက်စွာ ရယူစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုအခါ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းလည်း သိရသည်။  

           

"ကျွန်မတို့မြို့နယ်အနေနဲ့ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးစပါးသီးနှံ စုစုပေါင်းဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူများကလည်း မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစေရေးအတွက် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ဆည်/ကန်ငယ်၊ ရေစုပ်စက်စနစ်၊ မိုးကောင်းသောက်စနစ် စသဖြင့် စိုက်ပျိုးရေရယူပြီးတော့ မိုးစပါးသီးနှံများကို ဇွန်လကုန်ပိုင်းကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးရွက်ခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းစိုက်ပျိုးခဲ့တဲ့အတွက် ယခု စက်တင်ဘာလ(၁၅)ရက်နေ့မှ သတ်မှတ်လျာထားဧကဖြစ်တဲ့ ၆၉၀၉၄ ဧက ထက် ၂၄၁ ဧကကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။  တစ်ချို့တောင်သူတွေလည်း မိုးစပါးသီးနှံ ဆက်လက်စိုက်ပျိုးနေတုန်းဖြစ်တာကြောင့် ယခုလကုန်ဆိုရင်တော့ မိုးစပါးသီးနှံစိုက်ပျိုးမှု ပြီးစီးမယ်လို့ ထင်ပါတယ်။  နောက်ပြီး ကျွန်မတို့ပွင့်ဖြူမြို့နယ်ဟာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှာ ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်လို့ နှစ်စဉ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု အများဆုံး မြို့နယ်တစ်ခုဖြစ်ပါတယ်။  စိုက်ပျိုးရေ အဆင်ပြေတဲ့ အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တဲ့အတွက် ဆန်စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှု လည်းရှိပါတယ်။ ကျွန်မတို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသခံတောင်သူများ မိုးစပါးသီးနှံစိုက်ပျိုးရာမှာ အဆင်ပြေစေရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးသုံးသွင်းအားစု ပစ္စည်းများကိုလည်း ထောက်ပံ့ပေးတဲ့အပြင် နိုင်ငံတော် အစိုးရကလည်း ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးထားပါတယ်။ တာဝန်ကျ ကွင်းဝန်ထမ်းများကလည်း စိုက်ပျိုးရေးနည်းစနစ်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

           

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကလည်း စိုက်ပျိုးရေ လုံလောက်စွာ စနစ်တကျ ဖြန့်ဝေပေးမှုကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း ၊ ပခန်းရွှေဝါ ၊ ရတနာတိုး ၊ ဆင်းသုခ ၊ မနောသုခ ၊ ပေါ်ဆန်းရင် ၊ ဆင်းသိင်္ဂီ ၊ သီးထပ်ရင် ၊ ချမ်းမြေ့မေ စတဲ့ စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။  

                                                                                                                       

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )