နေပြည်တော်၊ စက်တင်ဘာ ၁၅

 

နိုင်ငံတကာ၌ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေး လုပ်ငန်းများနှင့်အတူ အော်ဂဲနစ် စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုများလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံချက်ပေးခြင်းလုပ်ငန်းများ၊ အော်ဂဲနစ်စနစ်ကျင့်သုံးခြင်းများတွင် အာဆီယံကုန်သွယ်ဘက်နိုင်ငံများ၏ အော်ဂဲနစ်ဆိုင်ရာ လမ်းညွှန်ချက်များ အစီအစဉ်များ နှင့်တပြေးညီဖြစ်စေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန က အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

အဆိုပါ လမ်းညွှန်ချက်များ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ပြင်ဆင်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရေးနှင့် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ တောင်းခံနိုင်ရေး စသည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် အော်ဂဲနစ် ထောက်ခံချက်ပေးရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အဖွဲ့အသီးသီး၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ပြင်ဆင်ထားရှိရမည့် စည်းမျဉ်းများနှင့် အထောက်အထား မှတ်တမ်းများ၊ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းခွင်ကို စစ်ဆေးမည့်နည်းလမ်းများ၊ ထောက်ခံချက်ပေးရေး အစီအစဉ်နှင့် ဆိုင်းငံ့ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း၊ အရေးယူခြင်းစသည့် အော်ဂဲနစ်ထောက်ခံချက်ပေးရန် လိုက်နာရမည့် လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)