နေပြည်တော် စက်တင်ဘာ ၁၈

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မောင်စိုး (ခ) ခင်မောင်စိုး မောင်းနှင်ပြီး နေလင်းစိုး လိုက်ပါလာသည့် NISSAN ATLAS အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၇၈ ကီလို ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် သာစည်မြို့နယ်၊ ယင်းမာပင် ကျေးရွာအုပ်စု၊ ယင်းမာပင်ကျေးရွာအနီး၊ တောင်ကြီး-မိတ္ထီလာသွား ကားလမ်းတွင် တိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ ကိုလည်းကောင်း။

 

စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ အိန္ဒုကျေးရွာအနီး၊ ဘားအံ-မြဝတီသွား ကားလမ်းတွင် ခွန်မျိုးခန့်ငြိမ်း မောင်းနှင်ပြီး စိုးတင့်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်၊ ယင်းနေ့ နံနက် ၁၀ နာရီတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လေးလမ်း၊ အိမ်အမှတ် (၃၂၂/က) နေ ညီညီမင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၅၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား