အောင်လံ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် ငမဲကန်ကျေးရွာ အုပ်စု၊ မင်းကန်တောင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် အဆိုပါကျေးရွာသို့ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးအတွက် မြစ်ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မြေပြင်အခြေအနေ တိုင်းတာရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ မင်းကန်တောင်ကျေးရွာ၌ ဒုရင်္ဂဗိုလ်မြစ်ရေတင်လုပ်ငန်း တူးမြောင်းမှ ဆိုလာ ၃.၆ ကီလိုဝပ် ရေမြှုပ်မော်တာပန့်တပ်ဆင်ကာ စိုက်ပျိုးလယ်ဧက ၂၂၀ အား စိုက်ပျိုးရေရရှိရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူဦးရေ ၁၃၇ဦး တို့အတွက် စိုက်ပျိုးရေ မလုံလောက်သည့် အခက်အခဲမရှိတော့ဘဲ ယခင် စိုက်ပျိုးသီးနှံများအား တစ်နှစ်လျှင် တစ်ကြိမ်တစ်ခါသာ စိုက်ပျိုးခဲ့ရမှ အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးပါက တစ်နှစ်လျင် သီးနှံ နှစ်ကြိမ်မှ သုံးကြိမ်စိုက်ပျိုးလာနိုင်ပြီး ယခင်ကထက် ဝင်ငွေတိုးပွားလာခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးထံမှ သိရသည်။
ကိုလှိုင်