နေပြည်တော် စက်တင်ဘာ ၁၉
ကမ္ဘာလေထုပူနွေးမှု လျော့နည်းစေသည့် အအေးပေးနည်းပညာများ တီထွင်ရေး၊ ပြုပြင်ထိန်းသိမ်းခြင်းတွင် အိုဇုန်းကို မထိခိုက်စေသည့် အစားထိုးဒြပ်ပစ္စည်းများ ပြောင်းလဲအသုံးပြုရေးသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေး လုပ်ငန်းများတွင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် ကမ္ဘာ့ပူနွေးမှုအလားအလာ မြင့်မားသည့် ဒြပ်ပစ္စည်းများလျှော့ချ သုံးစွဲရန်လိုအပ်ပြီး စွမ်းအင်ချွေတာနိုင်သော အအေးဓာတ် ထိန်းညှိသည့် နည်းပညာများနှင့် စွမ်းဆောင်ရည်တိုးမြှင့် စေသည့်နည်းပညာများကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုများကို လျှော့ချနိုင်မည့်အပြင် စားနပ်ရိက္ခာ ဆုံးရှုံးမှုကိုလည်း ကာကွယ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ က ပြောကြားသည်။
ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး - သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” “Montreal Protocol@ 35: global cooperation protecting life on earth” ဖြစ်ပြီး မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်သည် ရာသီဥတုပြောင်းလဲမှုအပေါ် ပိုမိုကျယ်ပြန့်သည့် အကျိုးသက်ရောက်မှုရှိကာ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို နိုင်ငံများ ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ကမ္ဘာပေါ်ရှိသက်ရှိများကို ကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် လိုအပ်ကြောင်းကို ယခုဆောင်ပုဒ်က အလေးပေး တိုက်တွန်းထားကြောင်း။
ကမ္ဘာတစ်ဝန်းအသုံးပြုသော အအေးပေး ဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် အိုဇုန်းလွှာ ပျက်စီးမှုသည် ယနေ့ခေတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များတွင် အဓိကထား ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်တွင် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ပြင်ဆင်ချက်နှင့် ၂၀၁၂ ခုနှစ် ပေကျင်းပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်လက်မှတ်ရေးထိုးပြီး အိုဇုန်းလွှာ ပျက်စီးစေမည့် ဒြပ်ပစ္စည်းများ လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကလိုရိုဖလူကာဗွန် (CFC) တင်သွင်းမှုကို ၂၀၀၇ ခုနှစ်လည်းကောင်း၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) ဓာတ်ငွေ့သုံး မြင်းကောင်ရေ ၂ ဒသမ ၅ အောက် လေပေးစက်တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်းနှင့် မွန်ထရီယယ် နောက်ဆက်ဆွဲစာချုပ်ပါ ကတိကဝတ်များအရ ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကြောင့် အိုဇုန်းလွှာအခြေအနေမှာ တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်ကိုလည်း လေ့လာ တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နေ့ အသိပညာပေးဗွီဒီယိုနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗွီဒီယိုမက်ဆေ့တို့ကို ပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အအေးပေးပစ္စည်းများနှင့် အထိမ်း အမှတ်ပိုစတာများ ပြသထားမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမျိုးသား အိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ လေအေးပေးစက်နှင့်ပတ်သက်သော စက်မှု နည်းပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ အအေးပေးဒြပ်ပစ္စည်းများ ဆိုင်ရာလုပ်ငန်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်