တိုကျို စက်တင်ဘာ ၂၀
ဂျပန်နိုင်ငံတွင် ပြင်းထန်သော အပူပိုင်းမုန်တိုင်း Nanmadol (နန်မာဒိုလ်) ကြောင့် နိုင်ငံအနောက်တောင်ပိုင်းတွင် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်လျက်ရှိရာ လက်ရှိအချိန်အထိ တစ်ဦး သေဆုံးပြီး ၆၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါပြင်းထန် သော မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ တစ်ဝန်း လေကြောင်းလိုင်း ဝန်ဆောင်မှုများ ရပ်နားထားခဲ့ရကြောင်းနှင့် စက်တင်ဘာ ၁၉ ရက် ည ၇ နာရီအထိ Japan Airlines နှင့် All Nippon Airways လေကြောင်းလိုင်းမှ ခရီးစဉ် ၈၄၄ ခုကို ဖျက်သိမ်းထားကြောင်း သိရသည်။
Japan Airlines သည် စက်တင်ဘာ ၂၀ ရက်အတွက် လေကြောင်းခရီးစဉ် ၄၃ ခုကို ဖျက်သိမ်းရန် စီစဉ်ထားပြီး All Nippon Airways က လေကြောင်း ခရီးစဉ် ၂၄ ခု ဖျက်သိမ်းရန် စီစဉ် ထားသည်။ ထို့အပြင် အခြားသော လေကြောင်း လိုင်းများသည် လည်း စက်တင်ဘာ ၂၀ ရက်အထိ လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းထားကြောင်း သိရသည်။ လေကြောင်းလိုင်းများက နောက်ဆုံး သတင်းအချက် အလက်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုရန် အကြုံပြုထားသည်။ ကျည်ဆန်ရထားပြေးဆွဲမှု ဝန်ဆောင်မှုကိုလည်း ဂျပန်နိုင်ငံ တစ်ဝန်း ရွှေ့ဆိုင်းထားသည်။
အဆိုပါ မုန်တိုင်းကြောင့် အိမ်ထောင်စု ၂၅၀၀၀၀ မှာ လျှပ်စစ် မီးပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဒေသအာဏာပိုင် များသည် ကျူရှူး၊ ချူဂိုကုနှင့် ရှီဂိုကု ဒေသများမှ သန်းပေါင်းများစွာသော ပြည်သူများအား နေအိမ်မှ စွန့်ခွာပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ