တီဟီရန် စက်တင်ဘာ ၂၀
အီရန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် အကျဉ်းသားလဲလှယ်မှုပြုလုပ်ရန် အသင့်ရှိနေကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာအာနီက ပြောကြားသည်။
အကျဉ်းသားလဲလှယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ နည်းလမ်းအမျိုးမျိုးဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ အီရန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် လိုအပ်သည့် သဘောတူညီချက်များကိုလည်း ပြုလုပ်ထားပြီးဖြစ်ကြောင်းနှင့် လက်ရှိအချိန်သည် အဆိုပါအကျဉ်းသားလဲလှယ်ရေးကိစ္စအား သဘောတူညီမည်လား သို့မဟုတ် သဘော တူညီမှုမရှိဘဲနေမည်လား ဆိုသည်နှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံအနေဖြင့် ဆုံးဖြတ် ရမည့်အချိန်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာအာနီက ပြောကြားသည်။
အီရန်နှင့် အမေရိကန်တို့၏ အကျဉ်းသားလဲလှယ်ရေးကိစ္စသည် ၂၀၁၅ ခုနှစ် နျူကလီးယားစာချုပ် ပြန်လည်အသက်ဝင်ရေး ရည်ရွယ်သည့် ဆွေးနွေးပွဲများ ပြီးမြောက်ရေးနှင့် မသက်ဆိုင်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာအာနီက ပြောကြားသည်။
အမေရိကန်နိုင်ငံနှင့် အကျဉ်းသားလဲလှယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဩစတြီးယားနိုင်ငံ၏မြို့တော် ဗီယင်နာ၌ ကျင်းပခဲ့သည့် နျူကလီးယားဆွေးနွေးပွဲများ ပြင်ပတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်