စက်တင်ဘာ ၂၀

 

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းကာ မိုးကြိုးပစ်မှုဖြစ်ပွားသဖြင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်အဖွဲ့၏တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

 

ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ စိုက်ပျိုးမြေများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော လယ်သမားများဖြစ်သည်ဟု သိရသည်။

 

အဆိုပါမိုးကြိုးပစ်မှုကြောင့် သေဆုံးသူများသည် ထိုပြည်နယ်ရှိခရိုင် ၁၀ ခုဝန်းကျင်မှဖြစ်ပြီး ပါနီရာနှင့်အာရာရီရာတို့မှ လေးဦး၊ ဆူပါလ်ခရိုင်မှသုံးဦး၊ ဘန်ကာ၊ဂျာမူနှင့် နာဝါဒါတို့မှ နှစ်ဦးစီနှင့် ဘီဂူဆာရာအီ၊ရှိတ်ခ်ပူရာ၊ ဆာရန်နှင့် ဆာဟာဆာတို့မှ တစ်ဦးစီသေဆုံးခဲ့ကြကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောသည်။

 

ဘီဟာပြည်နယ်ဝန်ကြီးချုပ်က ရာသီဉတုဆိုးရွားနေစဉ်ကာလအတွင်း  ပြည်သူများအနေဖြင့် နိုးနိုးကြားကြားနေထိုင်ကြရန် အကြံပြုပြောကြားထားသည်။ မိုးကြိုးအန္တရာယ်ကာကွယ်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ကထုတ်ပြန်သော ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ကြရန်နှင့် ရာသီဉတုဆိုးရွားသည့်ကာလအတွင်း နေအိမ်မှာပင်နေထိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က ၎င်း၏တွစ်တာတွင် ရေးသားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို