ဘားအံ စက်တင်ဘာ ၂၀          

 

ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် စောစတီးတို့က ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနက ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် ၎င်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ် ၃၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က စားဝတ်နေရေးသည် အရေးကြီးသည့်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် သီးထပ်သီးညှပ်များဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ပြည်နယ်အတွက် လိုအပ်သည့် အရင်းအနှီးငွေများ ထောက်ပံ့ပေးထားကြောင်းနှင့် အတိုးနှုန်းသက်သာစွာဖြင့် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။

 

အခမ်းအနားအပြီးတွင် ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) နှင့် ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် DKBA တို့မှ တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်