နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၁၆ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် လုံခြုံ၍ စွမ်းရည် ပြည့်ဝသည့် အမျိုးသား ငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မသမာသူများသည် အချက်အလက်များမှန်ကန်စွာ ဖြည့်စွက်ခြင်း မရှိဘဲ မိုဘိုင်းငွေပေးချေမှုအချို့အား မသမာသည့် နည်းလမ်းဖြင့် တရားမဝင်ငွေ လွှဲပြောင်းမှုနှင့် ငွေကြေးလိမ်လည်မှုများကို လုပ်ဆောင်လျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ငွေကြေးလိမ်လည်မှုများကြောင့် ပြည်သူများအတွက် နစ်နာဆုံးရှုံးမှုများရှိလာခဲ့ သည့်အတွက် ဆက်သွယ်ဆောင်ရွက်သူများ အနေဖြင့် ကိုယ်ရေးအချက်အလက်များကို မှန်ကန် ပြည့်စုံစွာ ဖြည့်သွင်းပြီးမှသာလျှင် ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာစံနှုန်းများနှင့်အညီ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်
ထို့ကြောင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ မိုဘိုင်းငွေရေးကြေးရေးစာရင်းများ ဖြည့်စွက်ထား သည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအချက် အလက်နှင့် ဆင်းကတ်နံပါတ်တို့အား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရောနစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်(e-ID Database) နှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဆင်းကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ် (SIM Registration Database)များရှိ အချက် အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချက်အလက် ဖြည့်သွင်းခြင်းအား ကာလတစ်ခုအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်မိုဘိုင်း ငွေကြေးစာရင်း များအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Mobile-Pay ဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိထားသည့် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချ သူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်းစသည့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများအနေဖြင့် နီးစပ်ရာကိုယ်စားလှယ် (Agent)များ၊ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့်-၂ (Level-2)အဆင့်သို့ အချိန်မီ မြှင့်တင်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆင့် ၂ (Level-2)သို့ တိုးမြှင့်လိုခြင်း မရှိသည့် မိုဘိုင်းငွေကြေး စာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများကို အသုံးပြုနိုင်မည့် နည်းလမ်းများ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက် ရန်လိုသည်ဟု အသိပေးလိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Sim Card များကို စနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေးတို့အတွက် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား အသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းတို့နှင့်ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့ ကြောင်း၊ အဆိုပါကြေညာချက်များမှာ နိုင်ငံသားများ အားလုံးသိရှိထားရမည့် ကြေညာချက်များ ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်နေရသည့် အကြောင်းအရင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ ငွေရေးကြေးရေးဆိုင်ရာ လုံခြုံမှု၊ ကိုယ်ရေး အချက်အလက်ဆိုင်ရာ လုံခြုံမှုများနှင့် အကြမ်းဖက် မှု နှိမ်နင်းတားဆီးနိုင်ရန်ဖြစ်သည်ဟု အသိပေး လိုကြောင်း။
ရုရှား- မြန်မာ အစိုးရအချင်းချင်း MIR Card သုံးစွဲနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက် ဆောင်ရွက်သွားမည်
မိမိအနေဖြင့် အဓိက အသိပေးပြောကြား လိုသည်မှာ ရုရှားနိုင်ငံခရီးစဉ်၌ ဗဟိုဘဏ် အချင်းချင်း ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းများတွင် ရုရှားရူဘယ်နှင့် မြန်မာကျပ်ငွေတို့ တိုက်ရိုက် ပေးချေနိုင်ရေး၊ ငွေပေးချေမှုစနစ်အား ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရုရှားနိုင်ငံက ပြုလုပ်သည့် MIR Card ကို လျင်မြန်စွာ အသုံးပြုနိုင် ရန်အတွက် ရုရှားငွေရေးကြေးရေးအဖွဲ့အစည်း များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရုရှား နိုင်ငံ၏ MIR Card ကို မြန်မာနိုင်ငံ၏ ငွေပေးချေမှု စနစ်တွင် အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးလျက် ရှိကြောင်း၊ လာမည့်နိုဝင်ဘာလအတွင်း တတိယ အကြိမ် ရုရှား- မြန်မာ အစိုးရအချင်းချင်း ကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေးရှိကြောင်း၊ အဆိုပါ အစည်းအဝေး မတိုင်မီ ရုရှားနိုင်ငံဗဟိုဘဏ်ငွေကြေးဆိုင်ရာ စာတို ပို့စနစ် (Financial Messaging System of the Bank of Russia- SPFS)စသည့် ရုရှားနိုင်ငံ၏ MIR Card သုံးစွဲနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ရူဘယ်နှင့် ကျပ် တိုက်ရိုက်ပေးချေမှုများ ပြုလုပ်နိုင် လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုကဲ့သို့ တိုက်ရိုက်ပေးချေမှုများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ဘဏ်များအနေဖြင့် ရုရှားဘဏ်များ တွင် အကောင့်များ ဖွင့်လှစ်ရန်နှင့် SPFS အသုံးပြုရန် အရေးပါလာမည်ဖြစ်ကြောင်း၊ ရူဘယ်နှင့် ကျပ် တိုက်ရိုက်ပေးချေရာတွင် ဘဏ်၏ လုံခြုံရေးစနစ်နှင့် နည်းပညာ သတင်းအချက်အလက်စနစ်များ အသင့်အနေအထားရှိရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ MoU လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံဗဟိုဘဏ် များအကြား အကျိုးရှိထိရောက်စွာ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံကောင်းကျိုးကို လိုလားသည့် တိုင်းရင်းသားစီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အစဉ်အမြဲ လမ်းဖွင့်ပေးထားသည်ဟု တင်ပြလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု များကို တင်ပြလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ EAO အဖွဲ့ ၁၀ ဖွဲ့နှင့် ပထမအကြိမ် တွေ့ဆုံပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်အဖြစ် EAO အဖွဲ့ ခြောက်ဖွဲ့နှင့် တွေ့ဆုံပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်အဖွဲ့ လေးဖွဲ့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း၊ ညှိနှိုင်းရေးအဖွဲ့နှင့် (၈၆)ကြိမ် တွေ့ဆုံ ခဲ့ပြီးဖြစ်ကြောင်း။
ထိုသို့တွေ့ဆုံရာတွင် (တစ်) ပြည်ထောင်စု သဘောတူညီချက်အစိတ်အပိုင်း(၁)၊ (၂)နှင့်(၃)တို့တွင် ပါဝင်သည့် သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်တည်ဆဲ ဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ ညှိနှိုင်းရေး ကော်မတီ၏ လေ့လာဆန်းစစ်သုံးသပ်ချက်များ၊ (နှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ (သုံး) (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အရ ဆက်လက် ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည် ဖော်မှု(ဇယား-၂) တို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးခဲ့သည့်ကိစ္စရပ်များအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ရည်မှန်းချက်များနှင့် သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆွေးနွေး ရာတွင် သဘောတူညီချက်များ ရယူနိုင်ခဲ့သကဲ့သို့ ဆက်လက်ညှိနှိုင်းလိုသည့် အချို့ကိစ္စရပ်များကိုမူ နောက်တစ်ကြိမ် ဆွေးနွေးပွဲများတွင် ဆက်လက် ဆွေးနွေးသွားကြရန် သဘောတူညီခဲ့ကြောင်း။
အနာဂတ်လုပ်ငန်းစဉ်များ အတိုင်းအတာ တစ်ခုအထိ ရှေ့သို့ရောက်အောင်သွားနိုင်ပြီဖြစ်
လက်ရှိအခြေအနေသည် အဖွဲ့အစည်းအသီးသီး ၏ ရည်မှန်းချက်များနှင့် လိုလားချက်များကို ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးညှိနှိုင်း၍ သဘော တူညီချက်များ ရယူထားကြရန် အချိန်အခါကောင်း ဖြစ်သည်ဟုလည်း ထပ်မံအသိပေးလိုကြောင်း၊ တွေ့ဆုံဆွေးနွေးသူများအနေဖြင့် တွေ့ဆုံမှုအပေါ် မူတည်၍ နိုင်ငံရေးလိုလားချက်များ၊ လိုအပ်ချက်များ နှင့် အနာဂတ်လုပ်ငန်းစဉ်များကို အတိုင်းအတာ တစ်ခုအထိ ရှေ့သို့ရောက်အောင် သွားနေနိုင်ပြီဖြစ် သည်ဟု ပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် IDP များနှင့် ပတ်သက်သည့် လုပ်ဆောင်ထားရှိမှုများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် စတင် ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက် အထိ နိုင်ငံတစ်ဝန်းလုံး ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့ သည့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ် များနှင့် IDP တိုက်ပွဲရှောင်စုရပ်များတွင် နေရပ်ပြန် များနှင့် စပ်လျဉ်း၍ ထောက်ပံ့ပေးနိုင်မှုအခြေအနေများကို ပြောကြားလိုကြောင်း။
နိုင်ငံတစ်ဝန်း၌ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ထောက်ပံ့ပေးနိုင်ခဲ့မှုများအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ အခြားသောဘေးများနှင့် လတ်တလောအကြမ်းဖက်မှုဖြစ်ပွားနေသည့် နေရာ များနှင့် တိုက်ပွဲရှောင်စခန်း၊ IDP စခန်း စသည့်နေရာ များနှင့် အခြားသော ဘေးအန္တရာယ်ဖြစ်ပွားမှုများ အတွက် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းကျော် (၁၄၄၀၇၉၃၀၅၈၀) ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့ပြင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ကူညီပေးနိုင်မှုအနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၈၄ မြို့နယ်၌ ၂၈၃ ကြိမ်ထောက်ပံ့ပေး ခဲ့ကြောင်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်းကိုးထောင် (၉၀၃၆၀၀၁၆၈ ကျပ်) ကျော် ထောက်ပံ့ပေးခဲ့သည် ကို တွေ့ရကြောင်း။
ထို့ပြင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ IDP စခန်းများမှ အိမ်ထောင်စု ၇၆၉ စု၊ လူဦးရေ ၄၅၄၅ ဦးအတွက် ငွေကျပ်သိန်းပေါင်း တစ်ထောင့် ခုနစ်ရာ (၁၇၆၃၄၂၉၉၂ ကျပ်) ကျော် ထောက်ပံ့ပေးခဲ့ ကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်သူ အိမ်ထောင်စု ၂၅၉၁ စု၊ လူဦးရေ ၁၁၆၀၉ ဦးအတွက် ငွေကျပ်သိန်းပေါင်း သုံးထောင်ရှစ်ရာ (၃၈၄၀၅၈၆၈၄ ကျပ်) ကျော် ထောက်ပံ့ပေး ခဲ့ကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသာမက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေ ဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်မှုအနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို၊ ချီဖွေမြို့နယ်တို့ရှိ တိုက်ပွဲရှောင်ကျေးရွာများတွင် နေအိမ် ၆၈၃ လုံး တည်ဆောက်ရန် ငွေကျပ်သန်းပေါင်း သုံးထောင် တစ်ရာ(၃၁၉၆ ဒသမ ၉၅၇ သန်း) ကျော်၊ ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် ငွေကျပ်သန်းပေါင်း နှစ်ရာ့ လေးဆယ် (၂၄၁ ဒသမ ၁၄၉ သန်း)ကျော်၊ ချင်းပြည်နယ် ပလက်ဝဒေသတွင် ငွေကျပ် သန်းပေါင်း ခြောက်ရာ့ငါးဆယ်(၆၅၅ ဒသမ ၉၁၄ သန်း)ကျော်၊ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ စသည့် မြို့နယ်များ အတွက် ငွေကျပ်သန်းပေါင်း လေးထောင်(၄၀၁၉ ဒသမ ၅၀၁ သန်း) ကျော်၊ ရှမ်းပြည်နယ် နမ္မတူ၊ မန်တုံမြို့နယ်များအတွက် ငွေကျပ်သန်းပေါင်း ခုနစ်ရာ့ကိုးဆယ်(၇၉၈ ဒသမ ၅၀၁ သန်း) ကျော်၊ စုစုပေါင်း ထောက်ပံ့ပေးငွေ ကျပ်သန်းပေါင်း ရှစ်ထောင် (၈၉၁၂ ဒသမ ၀၁၈ သန်း) ကျော်ကို ထောက်ပံ့ပေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် အခြေအနေများကို တင်ပြလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအတော်များများတွင် တစ်ကျော့ပြန် ပြန်လည်ကူးစက်မှုများရှိနေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်မှုရာခိုင်နှုန်း အနေဖြင့် သုည ဒသမ နောက်ဘက်တွင်ရှိသည့် အခြေအနေအထိ ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် အတည်ပြုလူနာသစ် ၂၆၂ ဦး (၂ ဒသမ ၄၃ ရာခိုင်နှုန်း) ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၃ ရက် တွင် အတည်ပြုလူနာသစ် ၂၉၉ ဦး (၂ ဒသမ ၆၇ ရာခိုင်နှုန်း) ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၄ ရက် တွင် အတည်ပြုလူနာသစ် ၃၈၄ ဦး (၃ ဒသမ ၁၇ ရာခိုင်နှုန်း) ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်တွင်မူ လူနာသစ် ၂၆၉ ဦး (၂ ဒသမ ၆၃ ရာ ခိုင်နှုန်း)တွေ့ရှိခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပိုးတွေ့ရှိမှုနှုန်း များပြားလာသည်ကို မိဘပြည်သူများအနေဖြင့် သတိထားစေလို ကြောင်း၊ စက်တင်ဘာ ၁၅ ရက်အထိ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ၊ ဒေသ ၂၃၀ တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနေဖြင့် ၆၁၅ ဒသမ ၅ သန်း (၆၁၅၅၅၃၄၂၄ ဦး) ကျော် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း။
B4.4 နှင့် B4.5 တို့သည် နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် ကူးစက်ပြန့်ပွားလျက်ရှိ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန် ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင်အထိ အိုမီခရွန်မျိုးကွဲ သစ် B4.4 နှင့် B4.5 တို့သည် နိုင်ငံပေါင်း ၉၂ နိုင်ငံ တွင် ကူးစက်ပြန့်ပွားလျက်ရှိသည်ကို တွေ့ရ ကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံ များဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား နှင့် စင်ကာပူစသည့် နိုင်ငံများ၌ အဆိုပါမျိုးကွဲသစ် များ ကူးစက်ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာမှ လေ့လာတွေ့ရှိချက်များအရ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါပိုး B4.4 နှင့် B4.5 တို့သည် ယခင်ကရှိခဲ့သည့် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး B4.1 နှင့် B4.2 တို့ထက် ကူးစက်မှု ပိုမို မြန်ဆန်ပြီး ကာကွယ်ဆေး၏ အာနိသင်ကိုလည်း လျော့ကျစေနိုင်သည်ကို တွေ့ရကြောင်း။
လူတိုင်းသည် ကိုဗစ်-၁၉ ၏ မျိုးရိုးဗီဇကွဲဖြစ် သည့် အိုမီခရွန် ကူးစက်ခံရနိုင်ခြေရှိပါကြောင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ကြောင်း၊ မပြင်း ထန်သည့် ကိုဗစ်-၁၉ အခြေအနေမှ ပြင်းထန်သည့် ဖျားနာခြင်းများ ဖြစ်စေနိုင်ကြောင်း၊ အသက်အရွယ် ကြီးသူများ၊ ရောဂါခံရှိသူများနှင့် ကာကွယ်ဆေး မထိုးနှံသူများတွင် ရောဂါဖြစ်ပွားရန် လွယ်ကူပြီး ကုသရန် ခက်ခဲသဖြင့် အသက်သေဆုံးနိုင်ကြောင်း၊ ထို့ကြောင့် အိုမီခရွန်သည် မပြင်းထန်လျှင်ပင် ကိုယ်ခံအားနည်းသူများ၊ ကာကွယ်ဆေးမထိုးနှံသူ များနှင့် ရောဂါအခံရှိသူများအတွက် ပေါ့ဆ၍မရ ကြောင်း၊ မိမိတို့၏ နိုင်ငံပိုင်သတင်းမီဒီယာများမှ လည်း ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးလျက်ရှိ ကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် လာကြသည့် သတင်းမီဒီယာများအနေဖြင့်လည်း ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတိရှိကြရန်အတွက် ထပ်မံအသိပေးစေလို ကြောင်း မေတ္တာရပ်ခံပြောကြားသည်။
လက်ရှိမျိုးကွဲသစ်ကူးစက်မှုကို ကာကွယ်နိုင်ရန် အကြိမ်ပြည့် ထပ်ဆောင်းထိုးနှံထားခြင်းသာ ခံနိုင်ရည်ရှိမည်ဖြစ်
လက်ရှိမျိုးကွဲသစ်ကူးစက်မှုကို ကာကွယ်နိုင်ရန် အတွက် အများအားဖြင့် အကြိမ်ပြည့်ထပ်ဆောင်းထိုးနှံထားခြင်းသာ ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း၊ ကူးစက်မှုကို လျော့နည်းစေမည်ဖြစ်ပြီး အသက် သေဆုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်အထိ အသက်(၁၈)နှစ်နှင့် အထက် လူဦးရေ စုစုပေါင်း သန်းသုံးဆယ်(၃၀၄၆၁၀၆၃ ဦး)ကျော် နှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း ၆ ဒသမ ၅ သန်း (၆၅၁၅၅၂၂ ဦး)ကျော်တို့အား ထိုးနှံထားရှိပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံ၌ ၂၈-၁-၂၀၂၂ ရက်နေ့မှ ၇-၉-၂၀၂၂ ရက်နေ့အထိ တွေ့ရှိရသည့် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံ ထားခြင်း မရှိသူများဖြစ်ကြကြောင်း၊ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထား သူများဖြစ်ကြကြောင်း၊ လေးရာခိုင်နှုန်းမှာ ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံထားသူများဖြစ်ကြောင်း၊ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံထားသူများဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ရာ၌ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ထားခြင်း မရှိသူများဖြစ်ကြကြောင်း၊ ၁၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထား သူများဖြစ်ကြကြောင်း၊ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားသူများဖြစ်ကြ ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံထားသူ များမှာ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများကို လျှော့ချ နိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးမထိုးရသေးသူများက အမြန်ဆုံးထိုးနှံကြရန် လိုအပ်သလို နှစ်ကြိမ်ပြည့် ထိုးနှံပြီးဖြစ်သူများ ကလည်း ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံကြပါ ဟု မိဘပြည်သူများကို တိုက်တွန်းလိုကြောင်း။
မီဒီယာများအနေဖြင့် ပြည်သူလူထုကို
ပညာပေးလှုံ့ဆော်မှုများ လုပ်ဆောင်ကြရန်လို
လာမည့်ဆောင်းရာသီကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ရှိနေဦးမည်ဖြစ်သည့်အတွက် ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူ လူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုနှင့် အားဖြည့်ကာကွယ်ဆေး ထိုးနှံမှုများ တိုးမြှင့်ဆောင်ရွက်သွားရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို အများပြည်သူနှင့် သက်ဆိုင် သည့်နေရာများနှင့် အများပြည်သူသွားလာသည့် ယာဉ်များအပေါ်စီးနင်းရာ၌ တပ်ဆင်ရန်၊ သက်ဆိုင်ရာဌာနအသီးသီးကလည်း ကျန်းမာရေး သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်နေထိုင်ကြရန်၊ ပညာပေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ကြရန်၊ စီမံဆောင်ရွက်ရန်တို့ကို လိုက်နာလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ ရောဂါကူးစက်နိုင်မှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မီဒီယာများအနေဖြင့်လည်း ပြည်သူလူထုကို ပညာ ပေးလှုံ့ဆော်မှုများ လုပ်ဆောင်ကြရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
နောက်ဆုံးအချက်အနေဖြင့် အကြမ်းဖက် NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများ နှင့် အကြမ်းဖက်အားပေးမှုများ မဖြစ်စေရန် ပြည်သူလူထုသို့ အသိပေးချက်အခြေအနေများကို ဆက်လက် ရှင်းလင်းပြောကြားသွားမည်ဖြစ် ကြောင်း၊ ယင်းအကြမ်းဖက် အဖွဲ့အစည်းများ၏ ပထမဆုံးသော လှုပ်ရှားမှုအနေဖြင့် နွေဦးတော်လှန် ရေးဆိုပြီး လုပ်ဆောင်ကြောင်း၊ ထိုသို့ မလုပ်ဆောင်မီ CDM လုပ်ကြပါဟု အော် ကြောင်း၊ ယင်းမှာအများ သတိထားမိသည့် အကြောင်းအရာများဖြစ်ကြောင်း၊ Project ဆိုသည့် ခေါင်းစဉ်ပေါင်းမနည်းသလို Operation ဆိုသည်လည်း မနည်းပါကြောင်း၊ Campaign ဆိုသည်များလည်း အတော်များ ကြောင်း၊ အလှူခံသည့် ခေါင်းစဉ်ပေါင်းလည်း မနည်းပါကြောင်း၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည်များကို ဇယား နှင့် ပြလိုကြောင်း ပြောကြား၍ အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဇယား၊ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးစသည့် ဇယားများကို ပြသသည်။
ဒီမိုကရေစီဆိုသည်မှာ ထိုသို့ လူသတ်နေသည့် ဝါဒလားဟု မေးလို
မိမိ ယခုတင်ပြခဲ့သည့် အချက်များထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စာရင်းများ မပါသေး ကြောင်း၊ ရဟန်းသံဃာများ၊ ဝန်ထမ်းများ၊ ပြည်သူ များ ဖြစ်ကြောင်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ လုပ်ဆောင်နေသည်ကို သိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့ပြောသည့် ဒီမိုကရေစီဆိုသည်မှာ ထိုသို့ လူသတ်နေသည့် ဝါဒလားဟု မေးလိုကြောင်း၊ ဖြည့်စွက်တင်ပြလိုသည်များ ရှိပါသေးကြောင်း၊ အထက်ပါ တင်ပြချက်များသာမက PDF ဆိုသည့် အကြမ်းဖက်အဖွဲ့အချင်းချင်း ပစ်ခတ်သတ်ဖြတ်ကြ ခြင်းများ၊ ၎င်းတို့အဖွဲ့အတွင်း၌ အချင်းချင်း အမျိုးမျိုးစွပ်စွဲပြီး နည်းမျိုးစုံနှင့် သတ်ဖြတ်ခြင်းများ၊ တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက PDF က လူငယ်များကို သတ်ဖြတ်မှုများ မပါသေးပါ ကြောင်း၊ ထိုကဲ့သို့ အသတ်ခံရသည့် စာရင်း၌လည်း မိမိတို့ စုံစမ်းသိရှိရသလောက် ရာနှင့်ချီသည့်သူများ သေဆုံးခဲ့ရသည်ဟု သိရှိထားကြောင်း၊ အများလည်း သိရှိပြီးဖြစ်သည့် ကိစ္စတချို့၏ သက်သေအချို့ကို မိမိပြလိုကြောင်း ပြောကြား၍ ဗိုလ်သံမဏိတို့အဖွဲ့ သတ်ဖြတ်မှုကိစ္စ၊ ဆရာစံ PDF အဖွဲ့သတ်ဖြတ်မှုကိစ္စ များ၊ ဗိုလ်ကျားကြီး သတ်ဖြတ်မှုကိစ္စများကို Screen Shot ဖြင့် ပြသသည်။
ယခုတင်ပြခဲ့သည်မှာ Screen Shot များသာရှိ ပါသေးကြောင်း၊ သတ်ဖြတ်နေသည့် Video ဖိုင် များစွာကိုလည်း အားလုံးတွေ့မြင်ကြပြီး ဖြစ်ကြောင်း ပြောကြားသည်။
NUG အဖွဲ့၏ ကွပ်ကဲမှုအောက်၌ရှိသည့် PDF ဆိုသည်များ၊ LPDF ဆိုသည် များမှာ အင်အားတိုးချဲ့မှု များကိုလည်း နည်းမျိုးစုံနှင့် လုပ်ဆောင်လျက်ရှိ ကြောင်း၊ အင်အားတောင့်တင်းလာချိန်၌ မိမိတင်ပြ သွားသည့် ကိစ္စကဲ့သို့ အချင်းချင်းအာဏာလုခြင်း များ၊ အားပြိုင်မှုများ၊ နယ်မြေသတ်မှတ်ပြီး ဆက်ကြေးကောက်ခြင်းများကို အပြိုင်အဆိုင် လုပ်ဆောင်ကြကြောင်း၊ ၎င်းတို့၏ အဖွဲ့အသီးသီးကို အင်အားတောင့်တင်းအောင် မည်သို့လုပ်ဆောင် သည်ဆိုသည်ကို သိသာအောင် မိမိ Video file အချို့ ကို ပြလိုကြောင်း ပြောကြား၍ ထွက်ပြေး လွတ်မြောက်လာသည့် အမျိုးသမီးနှစ်ဦး၏ Video file အား ပြသသည်။
စိတ်ခံစားချက်ကြောင့် လမ်းမှားရောက်နေသည့် လူငယ်လူရွယ်များကို လမ်းမှန်သို့ရောက် အောင် ဖိတ်ခေါ်မှုများ ဆောင်ရွက်လျက်ရှိ
ယခုပြသခဲ့သည်မှာ တပ်မတော်၏ အကူအညီ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှ EAOs အဖွဲ့များနှင့် PDF အဖွဲ့များထံက ထွက်ပြေးလွတ်မြောက်လာသူ အချို့၏ ထွက်ဆိုချက်ဖြစ်ကြောင်း၊ ၎င်းတို့၏ ပြောကြားချက်များအရ PDF များအနေဖြင့် ရွာများ၌ ခြိမ်းခြောက်ပြီး လူငယ်လူရွယ်များကို မဖြစ်မနေ အကျပ်ကိုင်ပြီး စည်းရုံးခြင်းများရှိကြောင်းကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် စိတ်ခံစားချက်ကြောင့် လမ်းမှားရောက်နေ သည့် လူငယ်လူရွယ်များကို လမ်းမှန်သို့ရောက် အောင် ဖိတ်ခေါ်မှုများကို ဆက်တိုက်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်တွေ့လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးသည့်အတွက် လမ်းမှန်ကို ပြန်လည်ရောက်ရှိလာသူများအနေဖြင့် နိုင်ငံတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ၅၀၅ ဖြင့် တရားစွဲခံရပြီး ပြန်လည်ဆက်သွယ်သတင်းပို့လာသူ စက်တင်ဘာ ၁၈ ရက်အထိ ၁၁၁၁ ဦး၊ PDF များ အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်းများက ပြန်လည်ဆက်သွယ်သတင်းပို့လာသူ ၂၇၃ ဦးနှင့် CDM ဝန်ထမ်း ငါးဦး၊ စုစုပေါင်း ၁၃၈၉ ဦးရှိကြောင်း၊ မိမိအနေဖြင့် ပြောကြားလိုသည်မှာ စိတ်ခံစားချက် ကြောင့်ဖြစ်စေ၊ နိုင်ငံရေးသမားများ၏ အသုံးချမှုကို ခံရ၍ဖြစ်စေ၊ ခြိမ်းခြောက်ခံရ၍ဖြစ်စေ တရားမဝင် အဖွဲ့အစည်းအသီးသီး၊ အကြမ်းဖက်အဖွဲ့အစည်း အသီးသီးတွင် ရောက်ရှိနေသည့် လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများအနေ ဖြင့် လမ်းမှန်ကို ပြန်လည်ရောက်ရှိနိုင်ရေး ရဲရဲဝံ့ဝံ့ ပြန်လည်လျှောက်လှမ်းခဲ့ကြရန်နှင့် မိမိတို့အနေဖြင့် ကြိုဆိုနေကြောင်း၊ အချို့သောကိစ္စရပ်များကို မီဒီယာများမှတစ်ဆင့် ပြည်သူများ သိရှိအောင်မပြသ နိုင်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အချို့ ပြန်လည် ဝင်ရောက်လာသူများထဲတွင် ၎င်းတို့၏ စိတ်ခံစားချက်အတိုင်း ပြောကြားချက်များရှိ ကြောင်း၊ သို့သော် ၎င်းတို့၏ မိသားစုများနှင့် ၎င်းတို့ ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု အန္တရာယ် များကြောင့် မပြသနိုင်သည်များရှိပါကြောင်း၊ ကာယကံရှင်သာမက မိသားစုကိုပါ ခြိမ်းခြောက်နေ သည့် ဖြစ်စဉ်များရှိကြောင်း။
ရက်ရက်စက်စက် သတ်ခဲ့သည့် အကြမ်းဖက်သမားများကို ပြင်းထန်သည့် ပြစ်ဒဏ်များ ပေးရမည်ဖြစ်
အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဓားဖြင့်၊ သေနတ်ဖြင့် လူမဆန်စွာ သတ်ဖြတ်ခဲ့သည် များကို သတင်းများထုတ်ပြန်ခဲ့ကြောင်း၊ ပါဝါပွိုင့်၌ မိမိတို့ ထုတ်နုတ်ချက်အချို့ကို ပြသထားပါကြောင်း၊ ယခုထုတ်နုတ်ချက်အချို့ထဲ၌ လူတစ်ဦး တစ်ယောက်ကို ဓားနှင့် ခုနစ်ချက်ထိုးသည့် ဖြစ်စဉ် များ၊ သေနတ်နှင့် ငါးချက် ခြောက်ချက်၊ ၁၁ ချက် အထိ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များရှိကြောင်း၊ ထိုထက် မက လူမဆန်စွာဖြင့် ဓားဖြင့်၊ သေနတ်ဖြင့် ရည်ရွယ် ချက်ရှိရှိ မသေမချင်းသတ်ဖြတ်သည့် အကြောင်း အချက်များ ရှိပါသေးကြောင်း၊ ယင်းသို့ ရက်ရက် စက်စက် လူကိုသတ်ခဲ့သည့် အကြမ်းဖက်သမားများ ကို ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်များ ပေးရလိမ့် မည်ဖြစ်ကြောင်း၊ ခံစားရသည့်သူများဘက်၊ နစ်နာသူများဘက်၊ ပြည်သူလူထု၏ ဥပဒေစိုးမိုးရေး၊ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးမျက်နှာကိုသာ မိမိတို့ ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အကြမ်းဖက်ကိစ္စရပ်များကို ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်း၊ သွယ်ဝိုက်အားပေး ထောက်ခံခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူလူထု သတိထားမိအောင် ရှင်းလင်းတင်ပြလို ကြောင်း ပြောကြား၍ အကြမ်းဖက်များနှင့် ဆက်စပ် မိလျှင် မည်သည့်ဥပဒေများနှင့် ငြိစွန်းပြီး မည်သည့် ပြစ်ဒဏ်များ ကျခံရနိုင်သည်ကို ဖော်ပြထားသည့် ပြစ်မှုပြစ်ဒဏ်ဇယားအား ပြသသည်။
အချိန်ကန့်သတ်ချက်အရ အကျယ်တဝင့်မပြော တော့ကြောင်း၊ “သတိလေး တစ်ချက်လွတ်သွားလို့ပါ”ဆိုသည်ဖြစ်စေ၊ “ဘာဖြစ်သွားမှန်းမသိပါဘူး” ဆိုသည် ဖြစ်စေ၊ “ဒီအတိုင်းလေးပဲကြည့်လိုက်တာ” ဆိုသည်ဖြစ်စေ ဥပဒေက လက်ပိုက်ကြည့်နေမည် မဟုတ်သည်ကို ပြောကြားလိုကြောင်း၊ လူသုံး အများဆုံးဖြစ်နေသည့် Facebook မှ ဖြစ်လာနိုင် သည်ကို ဥပမာအနည်းငယ်နှင့် ပြောကြားလို ကြောင်း၊ အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG, CRPH, PDF စသည့် အဖွဲ့များ၏ စာများ၊ ပုံများ၊ ဗီဒီယိုများ၊ ၎င်းတို့ကို အားပေးထောက်ခံသည့်သူများ ၏ စာများ၊ ပုံများ၊ ဗီဒီယိုများကို Like တစ်ခုပေးလိုက် သည်ဖြစ်စေ၊ Share လုပ်လိုက်သည်ဖြစ်စေ လုပ် လိုက်ပါက ယခုပြသထားသည့်ဇယား၌ မြင်ရသည့် အတိုင်း ရာဇသတ်ကြီးပုဒ်မ ၁၂၄(ခ) နှင့်ငြိစွန်း ကြောင်း၊ အနည်းဆုံးထောင် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည် ဆိုသည်ကို အသိပေးလိုကြောင်း။
ထို့ပြင် ယခုတလောပြန်ပြီး အသံထွက်လာသည့် “CDM လုပ်ကြပါ”၊ “ထွက်ခဲ့ကြပါ” အပါအဝင် ဝန်ထမ်းများ၏ စည်းကမ်းသေဝပ်မှုကို ထိခိုက်စေ သည့် အကြောင်းအရာများ၊ တာဝန်ဝတ္တရားကို ထိခိုက်စေသည့် အကြောင်းအရာများ၊ အနှောင့် အယှက်ပေးနိုင်သည့် စာများ၊ ပုံများကို ကိုယ်တိုင် ရေးသားတင်ပြခြင်း၊ Share လုပ်ခြင်းများစသည့် ကိစ္စရပ်များကို လုပ်ဆောင်မိခဲ့ပါက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နှင့် ငြိစွန်းကြောင်း၊ ထောင် ၂ နှစ် အထိချမှတ်နိုင်ကြောင်း၊ ထို့ပြင် အကြမ်းဖက် အဖွဲ့အစည်းများကို ငွေကြေးအပါအဝင် ပစ္စည်း ထောက်ပံ့ခြင်းများ၊ အားပေးကူညီခြင်းများကို လုပ်ဆောင်ခဲ့ပါက ပိုမိုကြီးမားသည့် အပြစ်ကို ကျူးလွန်ခြင်းဖြစ်ပြီး ပိုမိုကြီးလေးသည့်ပြစ်ဒဏ်ကို ခံရနိုင်သည်ဆိုသည်ကိုလည်း ထည့်သွင်းပြောကြား လိုကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)