ပဲခူး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ပိုင်းက ကျင်းပသည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဟိုတယ်လုပ် ငန်းလိုင်စင်အသစ်လျှောက်ထားလာမှု (၁) ခု၊ ခရီးသွား ဧည့်လမ်းညွှန် သက်တမ်းတိုးခြင်း (၄)ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း (၁၀) ခုနှင့် စပ်လျဉ်း၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားမှု အမြင့်မားဆုံးသည့်  ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ အဖိုးမဖြတ်နိုင်သော သမိုင်းဝင် နေရာများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝ တောတောင်ရေမြေ အလှအပများကို အသုံးချ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဦးတည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်လု နီးပါးဖြစ်ခဲ့ရသော ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူး သစ်များဖြင့် ကြိုတင်ကြံဆဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ အနေဖြင့် ရှေးဟောင်းအဆောက် အဦ၊ ကျုံး၊ မြို့ရိုးများကို ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွား နေရာသစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်း (၃၅၇)ဦးအတွက် ဆန် နှင့် ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

 သတင်းစဉ်