ပါကစ္စတန်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိ

အစ္စလာမ္မာဘတ် စက်တင်ဘာ ၂၆

 

မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခါးစည်း ခံစားနေရသည့် ပါကစ္စတန်နိုင်ငံသည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဒဏ်ကိုလည်း အပြင်းအထန် ခံစားနေရကြောင်း ဆင်ဟွာသတင်း တစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 

ပါကစ္စတန် နိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။ အဆိုပါ သေဆုံးသူများသည် နိုင်ငံတောင်ပိုင်း ဆင်းဒ် ပြည်နယ်မှ နှစ်ဦးပါဝင်ပြီး အနောက်မြောက်ပိုင်း ခီဘာပက် တွန်ကွာပြည်နယ်မှ တစ်ဦးပါဝင်ကြောင်း သိရသည်။

 

ဆင်းဒ်ပြည်နယ်သည် သွေးလွန်တုပ်ကွေးရောဂါ ထပ်မံကူးစက်ခံရသူ ၃၃၅ ဦး တွေ့ရှိကြောင်းနှင့် အရှေ့ပိုင်း ပန်ဂျပ် ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ထပ်မံကူးစက်ခံရသူ ၂၂၆ ဦး တွေ့ရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။

 

ပြင်းထန်သော အခြေအနေများတွင် သွေးလွန်တုပ်ကွေးသည် အဆစ်အမျက် ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ အဖုအပိန့်များထွက်ခြင်း၊ အသက်ရှူရာတွင် ခက်ခဲခြင်း၊ သွေးယိုစီးခြင်း နှင့် ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းခြင်းများကို ဖြစ်ပေါ်စေသည်။

 

အခြား သတင်းတစ်ရပ်တွင် ပါကစ္စတန်နိုင်ငံသည် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၇ ဦး တွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း အဆိုပါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၅၇၂၃၁၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။

 

ဆင်ဟွာ