၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

မြန်မာ ယူ-၁၆ အမျိုးသားအသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးသည် ၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အပြီးသတ်ကစားသမား ၂၃ ဦးကို စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက်ပြီဖြစ်သည်။

၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ဃ) တွင် ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ ကူဝိတ်၊ မော်လ်ဒိုက်အသင်းတို့နှင့် ကျရောက်နေသည်။ ယင်းအုပ်စုပွဲစဉ်များကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အသင်းတွင် မြန်မာဘောလုံးအကယ်ဒမီများမှ ကစားသမားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများ ပါဝင်နေသည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်မည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မေလကတည်းက စတင်ပြင်ဆင်ခဲ့ပြီး သြဂုတ်တွင် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ ယူ-၁၆ အသင်းသည် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် Young Boys အသင်းအမည်ဖြင့် MNL-2 (ပထမတန်း) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အမျိုးသားအသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးပေါ်ထွန်းကျော်နှင့် ဦးဧရာမောင်၊ ဂိုးနည်းပြအဖြစ် ဦးမျိုးကျော်သူ၊ အားကစားသမားများအဖြစ် ဂိုးသမား-ဆလိုင်းအံ့ဘွယ်မောင်၊ စိုင်းသီဟနိုင် (မန္တလေးအကယ်ဒမီ)၊ ကောင်းကင်ကြယ် (ရန်ကုန်အကယ်ဒမီ)၊ နောက်တန်း-လင်းထက်ဦး၊ သူရဇော်၊ နေလင်းထက် (မန္တလေးအကယ်ဒမီ)၊သက်နိုင်ဦး၊ မြတ်ဘုန်းခန့် (ပုသိမ်အကယ်ဒမီ)၊ နေလင်းထွန်း (အားကာသိပ္ပံ လွိုင်ကော်)၊ အလယ်တန်း-ကောင်းခန့်ဇော်၊ ကောင်းထက်၊ နေမင်းထက်၊ ဟန်ထွန်းဇော် (မန္တလေးအကယ်ဒမီ)၊ မျိုးထက်ဦး၊ ခွန်းချိုထူး၊ ဝေလျှံရှိုင်း (ပုသိမ်အကယ်ဒမီ)၊ မျိုးမင်းခန့် (ရန်ကုန်)၊ အောင်ကောင်းမြတ် (မန္တလေး)၊ အောင်ဇော်မျိုး (ကရင်)၊ ရှေ့တန်း-ပြည့်စုံအောင် (ပုသိမ်အကယ်ဒမီ)၊ ရှိုင်းဝဏ္ဏအောင်၊ ထူးဝေယံ (မန္တလေးအကယ်ဒမီ)၊ စောမျိုးဇော် (ကရင်) တို့ ပါဝင်နေသည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF