မံစီနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


 

နေပြည်တော် စက်တင်ဘာ ၂၈

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင်  မံစီမြို့၊ မောရဝတီရပ်ကွက်နေ ဝင်းနိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀ ကိုလည်းကောင်း၊ ထိုနေ့မွန်းလွဲ ၃နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ မင်္ဂလာလမ်းနှင့် မြို့မဒင်္ဂါးလမ်းကြား၌ မူးယစ်ဆေးဝါးအ ရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ မဆုလတ်ဖြူ၊ ယိုင်အောင် (ခ) နွယ်အောင်၊ မိုင်းညီဆန်ထွန်း၊ ထွဋ်မြတ်ညွန့် (ခ) ထွဋ်ကြီး (ခ) သဲတော၊ မြင့်စိုးနှင့် မြင့်မိုးတို့ကို Hijet Cargo မော်တော်ယာဉ်၊ Grand Starex မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့နှင့်အတူတွေ့ရှိရပြီး စုစုပေါင်း ငွေကျပ်သိန်း ၁,၆၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို ကိုသိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။  

 

ရဲပြန်ကြား