ဇွဲကပင် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 

နေပြည်တော် စက်တင်ဘာ ၂၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်အရ ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ ပြည်သူများကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ပြည်နယ်အတွင်း နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန်ရည်ရွယ်၍ ဇွဲကပင် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ပြည်နယ် အားကစားနှင့်ကယပညာဦးစီးဌာနမှ သိရ သည်။

 

“ လှာကမြင် ကွက်သစ်မှာရှိတဲ့ ဇွဲကပင် အားကစားကွင်းအထူးတန်း ပွဲကြည့်စင်ဟောင်း ဖျက်သိမ်းပြီးတော့ အနောက်ဘက် အထူးတန်း ပွဲကြည့်စင်အသစ် ဆောက်လုပ်ခြင်း၊ မီတာ (၄၀၀) Synthetic ပြေးလမ်းခင်းခြင်းနဲ့ ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း၊ အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက် ပွဲကြည့်စင်အသစ် တည်ဆောက်ခြင်း၊ LED Score Board တပ်ဆင်ခြင်း၊ ဘောလုံးကွင်း Inner Fencing ကာရံခြင်းနဲ့ အားကစားကွင်း ပြင်ပမီးရရှိရေး အတွက် 315 KVA Transformer 11kva လိုင်း တပ်ဆင်ခြင်း လုပ်ငန်းများကို အားလုံး ဆောင်ရွက်ပြီးသွားပါပြီ၊ ဒီကွင်းသစ်ကြီးဟာဆိုရင် ပရိသတ်ဦးရေ ၈၂၅၁ ဦး လာရောက် ကြည့်ရှုလို့ရတဲ့အား ကစားကွင်းကြီး ဖြစ်သွားပါပြီ ”ဟု ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောသည်။

 

mdn

 

ဇွဲကပင် အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ရခြင်းဖြင့် ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားကဏ္ဍတွင် စိတ်အားထက်သန်လာစေပြီး ပြည်နယ် လက်ရွေးစင်မှတဆင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများအဖြစ် ပေါ်ထွက်လာနိုင်စေရုံ သာမက မူးယစ်ဆေးဝါးကိစ္စရပ်များ ကင်းဝေးကာ စာရိတ္တကောင်းမွန်သည့် ပြည်နယ်အကျိုးပြု အားကစားသမားများ ပေါ်ထွက်လာမည်ဖြစ်သည်။

 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ် အမျိုးသား ဘောလုံးအသင်း အနေဖြင့် ရွှေတံဆိပ် ဆုရရှိပြီး တံခွန်စိုက်ဒိုင်း ကိုရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း နိုင်ငံကိုယ်စားပြု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ နန်းကံ့ကော်သန့်ဇင်သည် ပီတန်းအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Mixed Triple အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ် ဆုရရှိခဲ့ကြောင်းသိရသည်။

 

စောကျော်မိုး