စက်တင်ဘာ ၂၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာစီ) အရှေ့မြောက်ပိုင်း အီတူရီပြည်နယ် ဘိုဂါဒေသတွင် ယူဂန်ဒါစစ်ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုကြောင့် စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း အီတူရီတွင် တပ်စွဲထားသော ဒီအာစီ၏သတင်းရင်းမြစ်က သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။
အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင် ကွန်ဂိုစစ်သားသုံးဦးပါဝင်သည်ဟု သိရသည်။
နှစ်နိုင်ငံအကြားရှိ ကာဘာရိုလီနယ်စပ်ဒေသ၌ ယူဂန်ဒါစစ်တပ်ကပိုင်ဆိုင်သော အခြားရဟတ်ယာဉ်တစ်စီးသည် မဟာမိတ်ဒီမိုကရက်တစ်တပ်ဖွဲ့(အေဒီအက်ဖ်)သူပုန်အုပ်စုကို လိုက်လံဖမ်းဆီးရန် နှစ်နိုင်ငံပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။
ကွန်ဂိုစစ်တပ်မီဒီယာ၏ဖော်ပြချက်အရ ထိုရဟတ်ယာဉ်ပျက်ကျမှုကြောင့် ယူဂန်ဒါစစ်သားတစ်ဦးနှင့် ကွန်ဂိုစစ်သားတစ်ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။
ဒီအာစီနှင့် ယူဂန်ဒါစစ်တပ်တို့သည် အေဒီအက်ဖ်သူပုန်အုပ်စုကို ဖမ်းဆီးရန် ဒီအာစီအရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ်ကစတင်ကာ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို