နွယ်နီလင်း
မကြာသေးမီနှစ်များအတွင်း အိန္ဒိယနိုင်ငံ၌ အသက် ၃၅ နှစ်မှ အသက် ၅၀ ကြားရှိ လူအုပ်စုများတွင် နှလုံးဖောက်ခြင်း သို့မဟုတ် နှလုံးရပ်ခြင်း အကြောင်းရင်းများကြောင့် သေဆုံးမှုများ မြင့်တက် လာသည်။
နှစ်စဉ် အိန္ဒိယနိုင်ငံအတွင်း နှလုံးဖောက်ခြင်း သို့မဟုတ် နှလုံးသွေးကြောနှင့်ဆိုင်သည့် ရောဂါများကြောင့် သေဆုံးသူ ၁ ဒသမ ၅ သန်းမှ ၁ ဒသမ ၇ သန်းဝန်းကျင်အထိ ရှိသည်။ သေဆုံးမှုများကို နှိုင်းယှဉ်ကြည့်လျှင် လူငယ်များ၏ သေဆုံးမှုနှုန်းမှာ အသက်အုပ်စုတူသည့် အမျိုးသမီးများ၏ သေဆုံးမှု နှုန်းထက် ပိုမြင့်မားလျက်ရှိသည်။
တောင်အာရှနိုင်ငံများ၌ သေဆုံးမှုအားလုံး၏ ၁၇ ရာခိုင်နှုန်းနီးပါးသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် ဖြစ်ကြသည်ဟု အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီ (အိုင်စီအမ်အာ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နှလုံးရောဂါဖြစ်ပွားမှု လျင်မြန်စွာတိုးလာ
၁၉၉၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း နှလုံးနှင့် ပတ်သက်သည့် ရောဂါဖြစ်ပွားမှုများမှာ ၅၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်။ အိန္ဒိယနိုင်ငံ၌ နောက်ထပ်စိုးရိမ်စရာတစ်ခုမှာ အသက် ၂၅ နှစ်မှ ၄၀ ကြားရှိ လူများတွင် နှလုံးရောဂါဖြစ်ပွားမှုမှာ လျင်မြန်စွာ တိုးလာခြင်းဖြစ်သည်။ နှလုံးရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းမှာ လူငယ် လူရွယ်များကြားတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် လူနေမှုပုံစံများကြောင့်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီက ဆိုသည်။
လူငယ်များအား အသိပညာပေးရန် အရေးတကြီး လိုအပ်နေ
ပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံအတွင်း နှလုံးနှင့်သက်ဆိုင်သည့် ရောဂါများ ဖြစ်ပွားမှု လျော့နည်းလာစေရန် မျိုးဆက်သစ် လူငယ်များအား အသိပညာပေးရန် အရေးတကြီး လိုအပ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးမီက အားကစားရုံများတွင် လေ့ကျင့်ခန်းပြုလုပ်နေစဉ် သို့မဟုတ် အကဖျော်ဖြေ ပွဲများတွင် နှလုံးဖောက်မှုကြောင့် သေဆုံးနေသည့် လူငယ်နှင့် သက်လတ်ပိုင်း အမျိုးသားများ၏ ဗီဒီယို များသည်လည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်တစ်ခုတွင် နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဘာရိုင်းလီမြို့၌ လူလတ် ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ မွေးနေ့ပါတီတစ်ခု တွင် ကနေစဉ် ပြင်းထန်သည့် နှလုံးရောဂါကြောင့် ရုတ်တရက် လဲကျသွားပြီး မိနစ်အနည်းငယ်ကြာ သောအခါ သေဆုံးသွားခဲ့သည်။
အလားတူ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် မိုင်းပူရီ မြို့၌ မကြာသေးမီရက်များအတွင်း ရပ်ရွာပွဲ တစ်ခု တွင် အထူးဇာတ်ကောင်အဖြစ် သရုပ်ဆောင်နေစဉ် စင်မြင့်ပေါ်၌ လဲကျသွားပြီး ချက်ချင်းသေဆုံးခဲ့သည်။
ထို့ပြင် နာမည်ကြီး အဆိုတော်ဖြစ်သည့် အသက် ၅၃ နှစ်အရွယ် ကရစ်ရှ်နခ်ကူးမား ကွန်နက် အမည်ရသည့် ကေကေဆိုသူသည် မေလက သေဆုံးခဲ့သည်။ ၎င်းသည်လည်း ရုတ်တရက် နှလုံး ဖောက်မှုကြောင့် သေဆုံးခဲ့သည့် ဖျော်ဖြေရေး နယ်ပယ်မှ စာရင်းထဲတွင် ပါဝင်ခဲ့သည်။
အလားတူ တီဗွီသရုပ်ဆောင် ဆစ်ဟာ့ရှုခလာ (အသက် ၄၀) နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း ရုပ်ရှင် သရုပ်ဆောင် ပန်နီ ရာဂျ်ကူးမား (အသက် ၄၆ နှစ်)တို့သည် ပြီးခဲ့သည့်နှစ်က နှလုံးနှင့် ပတ်သက်သည့် ရောဂါများကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ နောက်ထပ် လူရွှင်တော်တစ်ဦးဖြစ်သူ ရာဂျူး ဆာဗာစတေဘာဆိုသူသည် မွမ်ဘိုင်းမြို့ အားကစားရုံတစ်ခုတွင် လေ့ကျင့်ခန်းပြုလုပ်နေစဉ် ပြင်းထန်သည့် နှလုံးဖောက်မှုခံစားရပြီး တစ်လ ကျော်အကြာ စက်တင်ဘာ ၂၂ ရက်တွင် သေဆုံးခဲ့သည်။ ယခုကဲ့သို့ နှလုံးနှင့် ပတ်သက်သော ရောဂါ များ အရေးကြီးသည့်အဆင့်သို့ မရောက်ရှိအောင် မည်ကဲ့သို့ ရှောင်ရှားရမည်ကို လူအများကြားတွင် အသိပညာပေးရန် လိုအပ်ပေသည်။

ကြီးမားသည့် အလုပ်ဖိအားများကြောင့်ဖြစ်
အိန္ဒိယနိုင်ငံအတွင်း နှလုံးရောဂါနှင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားရသည့် နောက်ကွယ်မှ အဓိကအကြောင်းရင်းမှာ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကပ်ရောဂါကာလအတွင်း ကြုံတွေ့ရသည့် လူနေမှုပုံစံများ၊ ကြီးမားသည့် အလုပ်ဖိအားများကြောင့် ဖြစ်သည်။
အိန္ဒိယလူမျိုးအများစု၏ စားသောက်မှုပုံစံသည်လည်း နှလုံးရောဂါဖြစ်ပွားမှုအရေအတွက် မြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံသားများက ဆား၊ သကြားနှင့် ထောပတ်တို့ကို အမြောက်အမြား စားသုံးခြင်းသည်လည်း နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ဦးတည်လျက် ရှိသည်ဟု ကျန်းမာရေးကျွမ်းကျင်သူများက ဆိုသည်။
အိန္ဒိယနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များသည် နှလုံးရောဂါဖြစ်ပွားမှု ပိုများလာကြောင်း နှလုံးအထူးကု ဆရာဝန် ဂိုဘူပီက၏ ပြောကြားချက်ကို ကိုးကားပြီး ဟိန္ဒူသတင်းစာတွင် ဖော်ပြသည်။
အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယနိုင်ငံတွင် သွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှုန်းမှာ ပိုမိုများပြားနေပြီး ပြင်းထန်မှုနှုန်းလည်း များပြားလာသည်။ “ဆေးရုံကို ရောက်လာတဲ့ နှလုံးရောဂါ သည်တွေရဲ့ လေးပုံ တစ်ပုံဟာ အသက် ၄၅ နှစ် အောက်အရွယ်တွေ ဖြစ်တယ်’’ ဟု ကျွမ်းကျင်သူများ က ဆိုသည်။
လူပေါင်းခြောက်သန်းခန့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ခံစားနေရ
အိန္ဒိယနိုင်ငံ၌ လူပေါင်း ခြောက်သန်းခန့်သည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ခံစားနေရသည် ဟု ဟာရီရာနာပြည်နယ်မြောက်ပိုင်းရှိ ထိပ်တန်း နှလုံးအထူးကုဆရာဝန် ဒေါက်တာ ဟာရင်ဒါကေ ဘာလီက ဆိုသည်။
“အိန္ဒိယနိုင်ငံမှာ နှလုံးရောဂါကြောင့် သေဆုံးသူ အရေအတွက်နဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ လူပေါင်းခြောက်သန်းခန့်ဟာ နှလုံးရောဂါအတွက် ဆေးကို ပုံမှန်သောက်သုံးနေ ကြရတယ်။ ရောဂါဖြစ်ပွားမှုက တစ်နေ့ထက် တစ်နေ့ ပိုတိုးလာတယ်’’ ဟု ၎င်းက ဆက်ပြောသည်။
လူများသည် ရောဂါလက္ခဏာ အနည်းငယ်မျှပင် ခံစားရပါက နှလုံးစစ်ဆေးမှုခံယူရန် မရှက်သင့်ကြောင်း ဒေါက်တာ ဘာလီက ပြောသည်။
အားကစားနှင့် ရုပ်ရှင်သရုပ်ဆောင်များသည် ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးသည်အထိ ခံစားရသည်ကို မြင်တွေ့ခဲ့ရသည်။ ရုပ်ပိုင်းဆိုင်ရာ ပိုသန်မာပုံရသည့် လူများသည် ကျန်းမာသောနှလုံးရှိသည်ဟု မယူဆသင့်ပေ။ ယနေ့ခေတ် လူနေမှုပုံစံသည် ကိုယ်လက်လှုပ်ရှားမှု လုံးဝမလုပ်ဘဲ ထိုင်နေခြင်းကြောင့် နှလုံးရောဂါ ဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ ။
ကိုးကား - ဆင်ဟွာ