အောက်တိုဘာ ၃

အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် စက်တင်ဘာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အမြင့်မားဆုံးဖြစ်လာသည်ဟု အင်ဒိုနီးရှားစာရင်းအင်းအဖွဲ့( ဘီပီအက်စ် )က ယနေ့ပြောကြားသည်။

နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၉၅ ရာခိုင်းနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းသည် အဓိကအားဖြင့် လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ ထိုလောင်စာဆီဈေးနှုန်းမြင့်တက်ရာမှကုန်ပစ္စည်းသယ်ယူပို့ဆောင်စရိတ်များနှင့် ဆန်ဈေးနှုန်းမြင့်တက်ခြင်းတို့ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း ဘီပီအက်စ်ခေါင်းဆောင် မာဂိုယူဝိုနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဘဏ္ဍာရေးဖိအားများကြောင့် စက်တင်ဘာလမှစတင်ကာ ပြည်တွင်းလောင်စာဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်းတိုးလာခဲ့သည်။

နိုင်ငံအတွင်းအများဆုံးအသုံးပြုသည့်ဓါတ်ဆီဈေးနှုန်းသည် ယခင်က တစ်လီတာလျှင် ၀ ဒသမ ၅၀ ဒေါ်လာမှ ၀ ဒသမ ၆၅ ဒေါ်လာအထိ မြင့်တက်လာကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို