ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

 

မြန်မာ့ပညာရေး မျှော်မှန်းချက်က “မျက်မှောက်ကာလဖြစ်သော ပညာခေတ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်တဲ့ အစဉ်လေ့လာသင်ယူနေသော လူဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ မြန်မာတို့ အတွက်ကတော့ အမြဲတမ်းသင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် ပညာရေးစနစ် တည်ဆောက်ရမယ်လို့ “မြန်မာ့ပညာရေးမျှော်မှန်းချက်” ကျောက်တိုင်ကို အခြေခံကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ကျောက်တိုင်စိုက်ပြီး ပညာရေးယန္တရားကို မောင်းနှင်လျက်ရှိနေပါတယ်။

 

ပညာရေး မျှော်မှန်းချက် ပညာရေး အစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဗဟိုချက်မဟာ ဆရာဖြစ်ပါတယ်။ ဆရာဟာ ဆရာ့ဝတ္တရားငါးပါးကို ကျေပွန်အောင်  ထမ်းဆောင်ရမှာက  မူလတာဝန် ဖြစ်ပါတယ်။

ဆရာဆိုတာ အနန္တငါးပါးစလုံးရဲ့ဂုဏ်နဲ့ အကျုံးဝင်တဲ့ ပုဂ္ဂိုလ်ထူး များဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သတ္တမမြောက် ဂုဏ်တော်ဟာ -

  • ‘သတ္တာဒေဝ မနုသာနံ’ လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် လူနတ်တို့၏ ဆရာဖြစ်သည်။
  • ‘ဘုရားရှင်   ဟောကြားခဲ့သော   တရားတော်များသည် လူတို့ကို ဆရာအဖြစ် ဆုံးမလမ်းညွှန်သည့်အတွက် တရား’ သည်လည်း ဆရာဖြစ်သည်။
  • ‘သံဃာတော်များ’ သည် ဒကာ၊ ဒကာမတို့၏ ကိုးကွယ်ရာ ဆရာများဖြစ်သည်။
  • ‘ပုဗ္ဗာစရိယ မိနှင့်ဖ’ ဟူသောစကားအရ၊ မိဘသည်လည်း သားသမီးတို့၏ ဆရာပင်ဖြစ်သည်။

 

ဒါကြောင့် ဆရာသည် အနန္တငါးပါးစလုံး အကျုံးဝင်သော ဂုဏ်ရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာဆိုတာ အသိဉာဏ်ကို   မြှင့်တင်ပေးတယ်။  ကျွမ်းကျင်မှု အတတ်ပညာ အရည်အသွေးတွေ မြှင့်တင်ပေးတယ်။ ဗြဟ္မစိုရ် တရား ထွန်းကားအောင်လုပ်ပေးတယ်။ စိတ် ဓာတ်ရေးရာပြုပြင်ပေးတယ်။ လူ့ဘဝနဲ့ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တာဟာ လည်း ဆရာပဲဖြစ်ပါတယ်။ ပညာသင်ကြားမှုတစ်ခုလုံးရဲ့ ပစ်မှတ်က  ကျောင်းသား ကျောင်းသူ လူငယ်တွေပဲဖြစ်ပါတယ်။ လူ့သမိုင်းစဉ် တစ်လျှောက်လုံးမှာ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်း အမြစ်ဖြစ်ခဲ့ပါတယ်။

 

၂၁ ရာစု ပညာရေးဟာ အလွန်အရေးပါတဲ့ ဆရာများ၊ ပညာရှင် များရဲ့ တာဝန်တွေဟာလည်း ပို၍ ကျယ်ဝန်းနက်ရှိုင်း လာပါတယ်။ အသိပညာ၊ အတတ်ပညာပိုင်ဆိုင်မှ ၂၁ ရာစုမှာ ဝင်ဆန့်နိုင်မယ်။ ရပ်တည်နိုင်မယ်၊ ရှင်သန်ကြီးထွားနိုင်မယ်။

 

မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာရှိနေတဲ့ ကျောင်း၊ တက္ကသိုလ်က ဆရာဟာ မိမိရောက်နေတဲ့ဒေသရဲ့ သင်ကြားသင်ယူမှု ဝန်းကျင်ကို ကောင်းမွန်အောင်၊  လူများစုသင်ယူလေ့လာနိုင်တဲ့   ပတ်ဝန်းကျင် ကောင်းဖြစ်တဲ့အထိ မျှော်မှန်းပြီးဆောင်ရွက်ဖို့၊ အတွေးအခေါ် အယူ အဆတွေ  ပြောင်းလဲကောင်းပြောင်းလဲပါမယ်။    နည်းစနစ်တွေ ပြောင်းလဲကောင်းပြောင်းလဲမယ်။   ကျွမ်းကျင်မှုအတတ်ပညာတွေ မြှင့်တင်ရတာရှိကောင်းရှိမယ်။ ဒီခေတ်ပညာရေးဟာ တစ်ကမ္ဘာလုံး ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆဖန်တီးပေးနိုင်ခြင်း လေ့လာစရာ နယ်ပယ်သစ်တွေဘက်ကို ရွေ့လျားနေတဲ့  ပညာရေးစနစ်ကြီးဖြစ် ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မဟာ ဆရာပါပဲ။ ဒီတော့ ဆရာဟာ   အလွန်အားထုတ်ပေးရမယ့်   နေရာမှာ ရောက်ရှိနေပါတယ်။

 

အနာဂတ်ပညာရေး

 

ယှဉ်ပြိုင်မှုကြီးမားတဲ့ (၂၁) ရာစုခေတ်မှာ ကျွမ်းကျင်လူ့စွမ်းအား အရင်းအမြစ်ရှားပါးခြင်း၊  စီမံခန့်ခွဲကြီးကြပ်မှု စွမ်းရည်မှာ  အကန့်အသတ်ရှိနေခြင်း၊  မြန်မာနိုင်ငံရုံးအဖွဲ့အစည်းတွေမှာပင်   စီမံခန့်ခွဲနိုင်စွမ်းအားနည်းနေခြင်းကို   တွေ့နေရပါတယ်။   ၂၀၁၉  ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငါးနှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး   နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကာ အလယ်တန်းအထိ ပညာသင်ယူခဲ့သူ ၁၈ ဒသမ ၂ သန်းခန့်နှင့် အထက်တန်းပညာ သင်ယူခဲ့သူ ၇ သန်းကျော်ခန့်ရှိကာ လူဦးရေ ၃ သန်းနီးပါးခန့်သာ ဘွဲ့ရရှိခဲ့တာကို  တွေ့ရှိရပါတယ်။  “ကျောင်းနေသူ ရာခိုင်နှုန်းနှင့် စာတတ်မြောက်သူ ရာခိုင်နှုန်း နည်းပါးလျက်ရှိသဖြင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို” အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်ကိုယ်တိုင် အလေးထားဆောင်ရွက်လျက် ရှိနေပါတယ်။

 

အနာဂတ်ပညာရေးဟာ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာ နယ်ပယ်သစ်တွေကို ဖြစ်နိုင်စွမ်းရှိအောင် မျှော်မှန်းပြီးဆောင်ရွက်ကြရမယ့် ခရီးဟာရှည်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဒီနေ့ထိ မြန်မာ့မြေပေါ်မှာ ကြွယ်ဝမှုမျိုးစုံဟာ တစ်ပုံတစ်ခေါင်းကြီး ရှိနေပါတယ်။ ဒီဓနဥစ္စာကို ဖော်ထုတ်ရာမှာ ဝါရင့်သဘာရင့်ဆရာကြီး၊ ဆရာမကြီးတွေဟာ သူ့ရဲ့ပညာတွေကို သက်ဆုံးတိုင်ဖြန့်ဖြူးသူတွေ ပြန့်ပွားအောင်လုပ်ပေးနိုင်တဲ့အခြေအနေမို့  အစဉ်လေ့လာသင်ယူနေတဲ့ မြန်မာ့လူ့ဘောင်ကြီးဖြစ်ဖို့အတွက် မျိုးဆက်သစ်တွေနဲ့အတူ ပါဝင်ဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။

 

အနာဂတ်မှာ သင်ယူလေ့လာမှု လူ့အဖွဲ့အစည်းကြီးဟာ ကြီးမားကျယ်ပြန့်လျက်ရှိတာကတစ်ကြောင်း၊ ဒေသမရွေးသင်ယူမှု  အခွင့်အလမ်းပေးနိုင်မယ့် ပညာရေးစနစ်ကို  တည်ထောင်လျက်ရှိတာမို့ လူ့ဘောင်ကလိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်မယ့် အနေအထားဖြစ်အောင် လူတိုင်းပါဝင်ကြိုးပမ်းနေရတာဖြစ်ပါတယ်။

 

  ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ  ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)မှာ နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အခြေခံအကျဆုံး ကလေးတစ်ယောက်ရဲ့ အခွင့်အရေးဟာ ကျောင်းနေရမယ့် အရွယ်ရောက်လာရင်  ကျောင်းတက်နိုင်ဖို့ပဲ။  မသင်မနေရ အထက်တန်း ပြီးဆုံးသည်အထိ   ကျောင်းနေရေးလုပ်ငန်းကြီးကို ပြည်သူတစ်ရပ်လုံး မမေ့မလျော့  အားထုတ်ခြင်းဖြင့် အခြေခံပညာ အလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းထက်ကျော်လာမှာ ဖြစ်ပါတယ်။

 

၂၁ ရာစုခေတ်ဆရာ

 

ဆရာဟာ အမြဲတမ်းဆန်းသစ်တဲ့ အယူအဆရှိနေရမယ်။ အတွေးအခေါ် အယူအဆ လုံးဝရှင်သန်နေရမယ်။ လူ့စွမ်းအား အရင်းအမြစ်ကို ဖန်တီးပေးနေရတဲ့ဆရာဟာ ခေတ်နောက်ကျနေခဲ့ရင် မြန်မာ့ပညာရေး မြှင့်တင်မှုဟာ မျှော်လင့်ချက်မရှိနိုင်ပါဘူး။ သူမွေးထုတ်ပေးလိုက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဟာလည်း  ဘယ်နည်းနဲ့မှ  အနာဂတ်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒေသအလိုက် လူငယ်တွေရဲ့ပါဝင်မှုအခန်း ကဏ္ဍကိုလည်း ဆရာ ဆရာမတွေက  ဆောင်ရွက်ပေးကြရဦးမယ်။  ဘာကြောင့်လည်း စာတတ်မှ၊ ပညာတတ်မှ ဖွံ့ဖြိုးတိုးတက်အောင်လုပ် နိုင်မယ်၊ အမှားအယွင်းနည်းမယ်။

 

ဘဝခရီးတစ်လျှောက်မှာ ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ဖို့၊ အမှားနဲ့အမှန် ခွဲခြားနိုင်ဖို့၊ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို အခြေပြုလမ်းပြပေးသူ အမှောင်ခွင်း အလင်းဆောင်သူဟာ ဆရာပဲဖြစ်တယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ ပညာရည်မြင့်မားဖို့ မျက်ခြည် မပြတ် အားထုတ်ကြရလို့ ဆရာ ဆရာမတွေကို ဂုဏ်ပြုရခြင်း ဖြစ်ပါတယ်။

 

အောက်တိုဘာလ ၅ ရက် ကမ္ဘာ့ဆရာများနေ့

 

ဆရာများရဲ့   ကြီးမားတဲ့တာဝန်  အခန်းကဏ္ဍကို ဖော်ညွှန်းဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ အောက်တိုဘာလ ၅ ရက် နေ့ကစတင်ပြီး ကျင်းပခဲ့တယ်။ အခုနှစ်ဆိုရင် (၂၈) ကြိမ်မြောက် ရှိပြီဖြစ်ရာ ကမ္ဘာအရပ်ရပ်မှ နိုင်ငံပေါင်း  ၁၀၀  ကျော်က ဆရာတွေကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုနေကြပါတယ်။

 

ဆရာဟာ လောကကို အလှဆင်သူ၊ မြေတောင်မြှောက်ပေးသူတွေဖြစ်တာကြောင့် လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လို့တောင် သတ်မှတ်ကြပါတယ်။ ကုန်ပစ္စည်းသဘောနဲ့ကြည့်ရင် ကျောင်းက ထုတ်တဲ့ ထွက်ကုန်တွေဟာ လူငယ်လူရွယ် အဖိုးတန်ထုတ်ကုန်တွေပဲ ဖြစ်စေရပါမယ်။ ထူးချွန်ပြောင်မြောက်တဲ့ တီထွင်ကြံဆနိုင်တဲ့ လူ မဖြစ်လင့်ကစား၊ စိတ်ထားမြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရမယ်။ ဆိုးသွမ်းလူငယ်တွေမဖြစ်ဘဲ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားလေးစားမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ် နိုင်ငံ ချစ်စိတ်ရှိတဲ့၊ စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ အနည်းဆုံးဖြစ်သွားစေရပါ မယ်။ ဒါကြောင့် တပည့်တို့သည် ဆရာပေါင်းများစွာက ပညာအမွေပေး တဲ့ အစဉ်အလာနဲ့အညီ ဆရာ့ကျေးဇူး၊ ဆရာ့ဂုဏ်ဟာမည်မျှကြီးမား ကြောင်း ဆင်ခြင်ကြည့်နိုင်ပါတယ်။

 

ချီးမွမ်းဂုဏ်ပြုစကားများ

 

ဆရာများအား ချီးမွမ်းထောမနာ ဂုဏ်ပြုစကားတွေ အများအပြား ရှိရာ ကွန်ဖြူးစီယပ်ရဲ့ အမြင်က ဒီလို ဖြစ်ပါတယ်။ “ကျွန်တော်ဟာ လူနှစ်ယောက်နဲ့အတူ လမ်းလျှောက်ဖြစ်ခဲ့ရင် သူတို့တစ်ဦးစီ၊ တစ်ဦးစီ ဟာ ကျွန်တော့်ဆရာများလို့ ခံယူပါတယ်။ တစ်ယောက်သောသူဆီက ကောင်းခြင်းကြံအင်လက္ခဏာတွေကို ရွေးယူပြီး အတုယူ ကျင့်သုံး ပါ မယ်။ အခြားတစ်ယောက်ဆီက မကောင်းတဲ့အချက်တွေကိုလည်း ရယူပြီး မိမိကိုယ်စိတ်နှလုံးမှာ ပြင်ယူလိုက်ပါမယ်။”

 

“ဆရာကောင်းသမားကောင်းဆိုတာ အနုပညာသရုပ်ဆောင် ကောင်းလိုပါပဲ၊ ပရိသတ်ကို အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ရ ပါမယ်။ ပြီးမှ ကျောင်းသင်ခန်းစာကို သင်ပြရမယ်” လို့ John Henrik Clarke က ဆိုပါတယ်။

 

John Steinbeck ကတော့ သင်ကြားပို့ချခြင်း အတတ်ပညာသည် အနုပညာအားလုံးရဲ့ အထွတ်အထိပ် ဂုရုဖြစ်လိမ့်မယ်။ လူရဲ့စိတ်နဲ့ ဆရာ့စိတ်ဟာ အဓိကဇာတ်ညွှန်းလိုပဲ ဖြစ်တယ်။

 

“ကျွန်တော်အသက်ရှင်နေရတဲ့အတွက် အဖေ့ကိုကျေးဇူးတင်ရပါတယ်။ ကျွန်တော့်ဘဝ သာယာဝပြောရတဲ့အတွက် ဆရာ့ကို ကျေးဇူး တင်မဆုံးဖြစ်ရပါတယ်” ဆိုတဲ့ Alexander the Great ရဲ့ စကားဟာ ထူးခြားပါတယ်။

 

ခေတ်သစ်ဆရာဆိုတာ တောတောင်ချုံပုတ်တွေ ရှင်းလင်းဖို့ မဟုတ်၊ သဲကန္တာရထဲ ရေသွင်းနိုင်ဖို့ ဖြစ်တယ်လို့ C.S Lewis က ဆရာတွေရဲ့တာဝန်မှန်ဟာ မည်သို့မည်ပုံဖြစ်ရမည်ကို ဖော်ညွှန်းပါတယ်။

 

Bill Gates ရဲ့ ဘွဲ့ရ မောင်မယ်တွေအတွက် စကားကြီး သုံးခွန်းဆို ပါတော့-

 

ကျောင်းကခွာတာနဲ့ လခကောင်းကောင်း မရနိုင်ဘူး။ ဟန်းဖုန်းခါးချိတ်စီမံကြီးကြပ်သူ မဖြစ်နိုင်ဘူး၊ ဒီနှစ်ခုလုံး ဖြစ်ချင်ရင် ကျောင် နေစဉ်ကတည်းက ကြိုးပမ်းအားထုတ်ထားမှ ရနိုင်မယ်။

 

ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ထင်ခဲ့ရင် ခင်ဗျားတို့ တစ်နေ့ ကုမ္ပဏီ သူဌေးကြီးတွေဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေး ဖြစ်လာသူတွေဟာ အလုပ်ကိုအကြွေးမထားဘူး၊ ကျောင်းမှာ အိမ်စာ (Home Work) တွေ လုပ်ရသလိုပဲ၊ ဆရာတွေက အိမ်စာတွေပြီးအောင် အိမ်စာကို အကြွေးမထား ပြီးအောင်လုပ်တဲ့အကျင့်ရအောင် အော် ဟောက်တာဟာ လုပ်ငန်းခွင်မှာ အလုပ်ကို အချိန်မဆွဲ ပြီးအောင် လုပ်တဲ့အလေ့အထကျင့်စဉ်ဟာ သူဌေးဖြစ်ဖို့ပဲ။

 

လူ့ဘဝမှာ သင်ကြားချိန်က လ မသတ်မှတ်ဘူး၊ ပိတ်ရက်မရှိ၊ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို အမြဲတမ်း ညှိနှိုင်းပေးမှာ မဟုတ်ဘူး၊ ဒါကို အကြောင်းပြုပြီး လူ့ဘဝဟာမမျှတဘူးလို့ ပြောကြ ပေမယ့် ဒါကိုလက်ခံနိုင်အောင် မိမိဘက်က ဘက်ပေါင်းစုံတော်အောင် ကြိုးစားအားထုတ်ရလိမ့်မယ်” လို့ Bill Gates က မှာပါတယ်။

 

စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်စွမ်းရှိဖို့လို-

 

ဒီနေ့ခေတ်ကြီးမှာ ပြောင်းလဲလာပုံတွေဟာ စိန်ခေါ်မှုတွေကြီးပါပဲ။ အပြောင်းအလဲတစ်ခုကို လုပ်ရတယ်ဆိုတာ စိန်ခေါ်မှုကြီးပဲ၊ ပညာရေး မြှင့်တင်မှုဟာ အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။ ဒါဟာလည်း စိန်ခေါ် မှုပါပဲ။ အထူးသဖြင့် ဆရာတွေအတွက် စိန်ခေါ်မှုပါပဲ။ ဒီစိန်ခေါ်မှုကိုမြတ်နိုးဖို့လိုတယ်။ သမာဓိကောင်းကောင်းနဲ့ အာရုံစိုက်ဖို့ ရင်ဆိုင်ရဲဖို့ လိုတယ်။ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်စွမ်းရှိဖို့လိုတယ်။

 

ဆရာတွေဟာ လမ်းပြကြယ်ပမာ မျှော်မှန်းပန်းတိုင်ရောက်ဖို့ လမ်းညွှန်ရာမှာ ကြိုးစားပမ်းစားနဲ့ ပညာတွေပေးလို့ လူထုရဲ့ အားကိုးရာဖြစ်တယ်။ ဆရာရဲ့တွေးခေါ်ပုံတွေ ပြောပုံဆိုပုံတွေ ပြုမူပုံ တွေဟာ ကျောင်းသားဆီ စီးဆင်းပါတယ်။ ကျောင်းသားဆီကို ရောက်သွားတာကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုး အထူးသတိ မူရပါမယ်။ ဆရာ ဆရာမတွေဟာ အဖိုးတန်လူငယ်လူရွယ် စိန်ကောင်းကျောက်ကောင်းတွေ ထုတ်ကြရပါမယ်။ လူရည်ချွန် လူရည်မွန်တွေဖြစ်အောင် အားထုတ်ကြရမယ်။ လက်ကြောမတင်းတဲ့ လူလတ်၊ လူကြီးတွေ ဖြစ်လာမှာကို ကြိုတွက်တတ်ရပါမယ်။ မိမိ နေအိမ်ရပ်ရွာဒေသကို ကောင်းသထက်ကောင်းအောင် တည်ဆောက် ကြရမှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း လူထုလိုအပ်ချက်၊ စက်ရုံတွေ လိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြည့်ဆည်း သွားကြရမှာဖြစ်ပါတယ်။

 

ပို့ချသူဆရာ ဆရာမတွေဟာ မည်သည့်အဆင့်မှာပင်ရှိစေ ပညာ ရေးကို မိမိကျောင်းဝင်းထဲက ကိစ္စလောက်ဟု သဘောမထားတော့ဘဲ လူ့အဖွဲ့အစည်းရဲ့အရေးကိစ္စဖြစ်တဲ့အတွက် ဆရာ ဆရာမအပေါင်းဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒီလမ်းဆုံလမ်းခွမှာ တာဝန်အရှိဆုံး သူဟာ ဆရာပဲ။ ဆရာဟာ စီစဉ်ညွှန်ကြားသူပဲ။ ဒါရိုက်တာဟာ ဆရာပဲ။ ဘာကြောင့်လဲဆိုရင် ဒေသတွင်း လူငယ်လူလတ်တွေရဲ့ ကျွမ်းကျင်မှု၊ ထိုသူတွေရဲ့အရည်အသွေးဟာ ထိုဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးလို့ပါပဲ။ ဗဟိုချက်မ ဖြစ်တဲ့ ဆရာဆရာမတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်သူတွေ၊ အငြိမ်းစား ပညာရေးဝန်ထမ်း ပညာရှင်တွေအားလုံး အကျုံးဝင်ပတ်သက် ဆက်စပ်မှုရှိတယ်လို့ခံယူပြီး ခေါင်းလောင်းသံတညံညံနဲ့ အားထုတ်ကြရမှာဖြစ်ပါတယ်။

 

ရှေးယခင်က ဆရာတွေရဲ့ဂုဏ်၊ ဆရာ့ဝတ္တရားငါးပါးကို အကြောင်းပြုပြီး ဆရာတို့အား ချစ်ကြောက်ရိုသေ လေးစားကြည်ညိုမှု၊ တန်ဖိုးထားမှု၊ ကလေးလူငယ်တွေရဲ့ အားထားရာဖြစ်ခဲ့သော်လည်း (၂၁) ရာစုမှာ ကမ္ဘာအရပ်ရပ်မှာ ဆရာကောင်း၊ သမားကောင်းဖြစ်ဖို့ အခက်အခဲစိန်ခေါ်မှုတွေ ရှိလာတာ တွေ့ရပါတယ်။ ဉာဏ်ရည် ဉာဏ်သွေးမြင့်တဲ့ ဆရာတွေကို ဆွဲဆောင်မှုရှိရှိ ခန့်ထားနိုင်ရေးမှာ ယခင်ကလို ထင်သလောက် မလွယ်ဘူးလို့ဆိုပါတယ်။ လစာနည်းခြင်း၊ တန်ဖိုးထားလေးစားမှု၊ အသိအမှတ်ပြုခံရမှု နည်းလာခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆရာတွေဟာ လုပ်ငန်းခွင်မှာ မပျော် မရွှင်၊ မပြေမလည်ဖြစ်ရတယ်လို့ဆိုပါတယ်။ အနောက်နိုင်ငံတွေမှာ ဤကဲ့သို့ စိန်ခေါ်မှု အခက်အခဲတွေ အလျင်အမြန်ဖြေရှင်းဖို့ လိုအပ် ကြောင်း World Teachers' Day, အင်တာနက်မှာ ဖတ်ရှုရပါတယ်။

 

ဆရာ ဆရာမများကို ဂုဏ်ပြုခြင်း

 

ဒါကြောင့် ရှေးယခင်က ဘွဲ့ရကျောင်းသား ကျောင်းသူဟောင်းကြီး များဟာ -

 

ကတညုတ      - ကျေးဇူးရှိမှန်း သိမြင်ခြင်း၊

ကတဝေဒီ - သိသည့်အတိုင်း ကျေးဇူးတရားကို ပြန်လည်ဆပ်တဲ့ သူတွေ၊ လူတော် လူကောင်းတွေပဲလို့ ဆရာတွေက မြင်ကြပါတယ်။

 

ဟော်လန်စကားပုံကတော့ - ဘုရားသခင်က “ငှက်များစားဖို့ တီကောင်ကိုဖန်ဆင်းပေးသော်လည်း ပါးစပ်ထဲကိုတော့ ထည့်မပေးပါဘူး”။ ပညာရှာရာမှာ - ခွံ့ပေးတဲ့ “Spoon Feeding” မဟုတ်၊ အတ္တာဟိ အတ္တနောနာထောပဲ။ ကိုယ့်ကိုယ်ကိုယ်အားကိုးတဲ့ ကိုယ်တိုင်လေ့လာမှု (Self-study) ကိုအားပေးရမယ်၊ ကိုယ်တိုင်လေ့လာမှုကို အားပြုကြရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ၊ လူတိုင်း အတွက် ပညာရေးဖွံ့ဖြိုးဖို့ လမ်းကြောင်းဖြစ်ပါတယ်။

 

စဉ်းစားစရာတွေ

 

ကျွန်တော်တို့ လူတွေဟာ နိစ္စဓူဝကိစ္စကြီးငယ်လုပ်ကြရာမှာ သိပ္ပံပညာဆိုသည် ဘာလဲဆိုတာကို ကောင်းကောင်းနားမလည်ခြင်းပဲဖြစ်တယ်လို့ ပြောကြပါတယ်။ သိပ္ပံဆိုတာ သိပ္ပံပညာရှင်တို့ လုပ်တဲ့အလုပ်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ သာမန်အဖြေ၊ စိတ်ကူးပေါ်ရာ အဖြေတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ သိပ္ပံဓာတ်ခွဲ ခန်းတစ်ခုကို စိတ်ကူးနဲ့ စဉ်းစားကြည့်တဲ့အခါ ထိန်းလင်းနေတဲ့ အခန်းကြီးထဲမှာ အဖြူရောင်ဓာတ်ခွဲခန်း ဝတ်ရုံကိုဝတ်၊ စမ်းသပ်ဖန်ပြွန်ထဲက ရောင်စုံဖြစ်ပေါ်နေတာတွေကိုကြည့်၊ မိုက်ခရိုစကုပ်ရှေ့မှာထိုင်ပြီး ကြည့်လိုက်၊ တန်ဖိုးကြီးမားလှတဲ့ စက်ကိရိယာကြီးတွေ ရှေ့မှာထိုင် သဲကြီးမဲကြီးတိုင်းတာတွက်ချက် အလုပ်လုပ်နေတဲ့ လူသားတစ်ယောက် လို့ မြင်လေ့ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်း ဒီလိုမဟုတ်၊ ကမ္ဘာ့သမိုင်း ကြောင်းကိုပြန်ကြည့်ရင် သိပ္ပံနဲ့နည်းပညာက ခေတ်စကားနဲ့ဆိုရင် ဂလိုယ်ဘယ်လိုက်ဇေးရှင်း (Globalization) ကို မွေးဖွားပေးခဲ့ပါတယ်။

 

ရှေးယခင်က သဘာဝသိပ္ပံ ဇီဝသိပ္ပံတွေကို အထူးလိုက်စားခဲ့တဲ့ လူးဝစ်ပါစချာ၊ နယူတန်၊ ဂရီဂိုမင်ဒယ်လ်၊ ဒါဝန်၊ ဂျွန်ဒေါ်လတန်၊ ဂျိမ်းစ်ဝပ်(တ်)ဆန်၊ ဖရန်စစ်ခရစ်(က်) အက်ဒီဆင်၊ အိုင်းစတိုင်း၊ ရိုက်ညီနောင်တို့ကဲ့သို့သော ပုဂ္ဂိုလ်ဆရာတွေဟာ ကမ္ဘာကို စံနမူနာ တွေ ပြခဲ့ကြပါတယ်။ ထိုသူတို့တစ်ဦးချင်းဆီရဲ့ သုတေသနတွေ့ရှိ ချက်တွေ၊ ထပ်ဆင့်တည်ဆောက်မှုတွေ၊ တီထွင်ဆန်းစစ်မှုတွေဟာ လူ့ယဉ်ကျေးမှုကြီးဖြစ်ပေါ်ပုံမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။ သိပ္ပံနဲ့နည်းပညာ နယ်ပယ်ထဲက သုတေသနတွေကြောင့်၊ လေ့လာမှု ရလဒ်တွေကြောင့် ထွန်းကားလာမှုဟာ သဘာဝတရားရဲ့ နိယာမတွေ ကို ပိုနားလည်လာပြီး လူသားကောင်းကျိုးအတွက် အသုံးချနိုင်မှုတွေ ရရှိတာဖြစ်ပါတယ်။

 

သိပ္ပံပညာဟာ အရာခပ်သိမ်းဆုံစည်းရာ အဆက်အစပ်အကျိုး အကြောင်းရှိသည့်ကိစ္စတို့ကို လေ့လာခြင်းဖြစ်တယ်။ သိပ္ပံပညာရှင် တို့ဟာ သမားရိုးကျ အပေါ်ယံရှပ်ပြီး ရှင်းလင်းလေ့မရှိ အဖြေတို့ကို သံသယရှိကြတယ်။ လွယ်လွယ်ကူကူယုံကြည်လေ့မရှိကြ၊ ဒီမှာတင် သာမန်လူတွေနဲ့ သိပ္ပံသဘောနားလည်သူတို့ ကွာခြားသွားပါပြီ။ သူတို့ဟာ စူးစမ်းဆောင်ရွက်လိုစိတ် ပြင်းပြကြတယ်။ သူတို့ရဲ့ ဦးနှောက်ကိုသုံး စဉ်းစားလေ့ရှိတယ်။ အထောက်အထား အချက် အလက်တွေစုဆောင်းပြီး ဘက်ပေါင်းစုံရှုထောင့်စုံမှ ဂရုတစိုက် စိစစ် လေ့ရှိတယ်။ သူတို့ရဲ့ ခန့်မှန်းချက်တွေ အလုပ်မဖြစ်ကြောင်းတွေ့ရပါက အကျိုးအကြောင်း ဆီလျော်တဲ့ခန့်မှန်းချက်တွေကို ထပ်မံစမ်းသပ်ဖို့ ကြိုးစားလေ့ရှိတယ်။ သူတို့ရဲ့စိတ်ကူးအတွေးအခေါ်ကို တရားသေ ဆုပ်ကိုင်လေ့မရှိ။ စိတ်ကူးသစ်နဲ့ မှန်ကန်တဲ့အချက်အလက် အထောက် အထားများတွေ့ရှိပါက သူတို့ရဲ့ မူလအတွေးအခေါ် အယူအဆကို ပြောင်းလဲဖို့ ဝန်လေးလေ့မရှိ။ သိပ္ပံပညာရှင်တို့ဟာ ပို၍ပို၍တိကျ မှန်ကန် ခိုင်လုံသောအထောက်အထား အချက်အလက်တွေနဲ့ မိမိ ဝန်းကျင်နိုင်ငံရေး လူမှုရေး၊ စီးပွားရေးအဖြစ်သနစ်တွေကို ပုံဖော်ပြီး ရှင်းလင်းပြတတ်ကြတယ်။ မြန်မာနိုင်ငံကတော့ “အားလုံးအတွက် သိပ္ပံပညာရေး” (Science for All) မလုပ်နိုင်သေးဘူးလို့ ပြောရပါလိမ့် မယ်။ ပညာတတ်ရင် သိပ္ပံနဲ့နည်းပညာတတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်မယ်။ သိပ္ပံနဲ့ နည်းပညာတိုးတက်မှု ကိုယ်၌ကိုက လူနေမှုအဆင့်အတန်းမြင့်မားစေဖို့၊ ညီညွတ်မျှတစေဖို့ အခွင့်အလမ်း တွေ ပါဝင်ပါတယ်။

 

ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

 

  • မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အရည်အသွေးရရှိသွားဖို့ အာမခံချက်အပေးဆုံးက ဆရာတွေ ဖြစ်နေပါတယ်။
  • ဆရာတွေရဲ့ အရည်အသွေးကို အမြဲမြှင့်နေရပါမယ်။ အမြဲတမ်း လေ့လာနေ ရပါ မယ်။ ဆန်းသစ်တဲ့ အယူအဆ၊ အတွေးအခေါ် တွေဟာ ရှင်သန်နေရပါမယ်။
  • ဒီအတွက် “ဆရာဟာ ထာဝရ တပည့်ကြီးဆိုသကဲ့သို့” အစဉ်လေ့လာမယ်ဆိုတဲ့ ခံယူချက်နဲ့ ပညာရေးခရီးကို ဆက်ရမှာ ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားတင်ပြအပ် ပါတယ်။ ။