လားရှိုး ၉ ဖေဖော်ဝါရီ
လားရှိုးမြို့ အမှတ်(၇)ရပ်ကွက်၌ ဝက်သက်ရောဂါဟု ယူဆရသည့် ရောဂါများဖြစ်ပွားနေကြောင်း သိရှိရ၍ ဖေဖော်ဝါရီ ၄ ရက်က မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အမှတ်(၇) (၈) (၉) ရပ်ကွက်၊ ဂျမိုင်ရွာတို့တွင် အသက်(၁၀)နှစ် (၁၁)နှစ်ခန့်အရွယ် ကလေးငယ် စုစုပေါင်း ဝက်သက်ရောဂါဟု ပြင်ပလက္ခဏာများဖြင့် ခန့်မှန်းရသူ စုစုပေါင်း(၁၇)ဦး တွေ့ရှိစစ်ဆေးရရှိခဲ့ပြီး ကာကွယ်ဆေးများကို ထိုးနှံခဲ့ပြီး ဖြစ်သည်။

ဝက်သက်ရောဂါကာကွယ်ဆေးကို မွေးစကလေးငယ် အသက်(၉)လမှ အသက်(၁၅)နှစ်အောက် ကလေးငယ်များကို ထိုးနှံပေးလျက်ရှိနေပြီး ရပ်ကွက်(၇)တွင် အသက်(၁၅)နှစ်အောက် ကလေးငယ် (၄၃၂၄)ဦးရှိကာ ဖေဖော်ဝါရီ ၉ ရက်အထိ စုစုပေါင်း ၂၆၂၇ ဦးအား ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။
ခေတ္တပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းသန်းဦးနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးနိုင်တို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိနေပြီး ပြည်နယ်နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်းလျက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပရဟိတကျောင်းများ၊ စစ်ရှောင်စခန်းများ၊ မိဘမဲ့ဂေဟာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းသန်းဦးက ပြောသည်။
လားရှိုးမြို့သည် ရပ်ကွက်(၁၂)ရပ်ကွက်ဖြင့် တည်ရှိနေပြီး ယခုဝက်သက်ရောဂါဟု ခန့်မှန်းတွေ့ရှိရသော နေရာများမှ ရပ်ကွက်(၇)နှင့် ဆက်စပ်တည်ရှိသော ဂျမိုင်ရွာ၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဟန်ဌေး(လားရှိုး)
