ရန်ကုန် အောက်တိုဘာ ၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ (၁၉)မိုင်အလွန် ကျိုင်းတုံ-မိုင်းခွန်၊ မိုင်းခုတ်-မိုင်းဆတ် လမ်းပေါ်တွင်တည်ရှိသော အမောဒေတောင်ကြော သဘာဝရှုခင်းနေရာသို့ နှစ်စဉ် ဆောင်းဦးပွင့်လင်းရာသီ၌ အပန်းဖြေသွားရောက်သူများပြားခဲ့ရာ ယခု အောက်တိုဘာလဆန်း၌ပင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိပြီး ပွင့်လင်းခရီးသွားရာသီ နိုဝင်ဘာလတွင်  အဆိုပါအမောဒေတောင်ထိပ်၌ သဘာဝရှုခင်းအလှကို ကြည့်ရှုကြသည့် အပန်းဖြေသူများ ယမန်နှစ်ထက် ပိုမိုဝင်ရောက်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့က ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

 

စိမ်းစိုနေသော တောင်တန်းများအကြား ဖောက်လုပ်ထားသော ကျိုင်းတုံ - မိုင်းခွန် - မိုင်းခုတ် - မိုင်းဆတ် လမ်းပေါ်တွင်ရှိသော အမောဒေတောင်ကြော၌ မြူနှင်းများ ဝေသီလျက် တိမ်ပင်လယ်ပမာ တိမ်စိုင်များ မျက်စေ့တစ်ဆုံးဖြန့်ကျက်လျက်ရှိရာ အောက်တိုဘာလဆန်း၌ ကျိုင်းတုံမြို့မှ လူငယ်များ၊ မိသားစုများနှင့် တာချီလိတ်မှ နိုင်ငံခြားခရီးသွားအချို့ သဘာဝရှုခင်းအလှကို ကြည့်ရှုခံစားရန် တစ်နေ့တာအပန်းဖြေ လည်ပတ်လျက်ရှိသည်။

 

အဆိုပါ သဘာဝအလှရှုခင်းတည်ရှိရာနေရာသို့ ခရီးသွားများအနေဖြင့် ကျိုင်းတုံနှင့် ကျိုင်းတုံ - မိုင်းဖြတ်လမ်းမှ သွားရောက်ကြလေ့ရှိကာ ကျိုင်းတုံအခြေပြု ခရီးသွားကုမ္ပဏီများ အလုပ်အကိုင်ပွင့် ပွင့်လန်းလျက်ရှိသည်။ ကျိုင်းတုံမြို့မှ တောင်ပေါ်သို့ကားဖြင့် ၁ နာရီခွဲခန့်ခရီးတွင် ကနဦး (၁၉)မိုင် သဘာဝတရားရိပ်သာသို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် (၃)မိုင်ခန့်ဆက်သွားပါက အမြင့်ပေ ၆၇၇၀ ရှိသော လားဟူတိုင်းရင်းသားတို့နေထိုင်ရာ လွယ်ပိကော်လာတောင်ထိပ်ဖြစ်သော အမောဒေရွာသို့ရောက်ရှိ၍  လမ်းခရီးကောင်းမွန်မှုကြောင့် နွေ၊ မိုး၊ ဆောင်း အပန်းဖြေခရီးသွားများဖြင့် စည်ကားလျက်ရှိသည်။

 

(၁၉)မိုင် သဘာဝတရားရိပ်သာတောင်ပေါ်တွင် သဘာဝအလှဖြင့် ဆွဲဆောင်လျက်ရှိသည့်နည်းတူ ဆောင်းရာသီတွင်လည်း မြေပြင်တောတောင်အလှ၊ ကောင်းကင်မှသဘာဝအလှနှင့် ဥတုရာသီအလှတို့ ပေါင်းစုံမှုကြောင့် သဘာဝအလှများ စုဝေးပေါ်ထွန်းမှုဖြင့် ခရီးသွားများကိုဆွဲဆောင်လျက်ရှိရာ ယာဉ်များ၊ စက်ဘီး/ ဆိုင်ကယ်များ အဖွဲ့လိုက် လာရောက်အပန်းဖြေ လည်ပတ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် လူသိများလာသော ကျိုင်းတုံမြို့ (၁၉)မိုင်အလွန် သဘာဝတရားရိပ်သာနှင့် အမောဒေတောင်ထိပ် သဘာဝရှုခင်းအလှသို့ လာရောက်ကြသည့် ခရီးသွားတို့အနေဖြင့် လားဟူတိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်သီးနှံများ၊ စားသောက်ကုန်များ ဝယ်ယူကြခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ စီးပွားရေးအဆင်ပြေလျက်ရှိကာ နိုဝင်ဘာလဆောင်းဦးရာသီ၌ အပန်းဖြေခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများနှင့် ဒေသခံတောင်ပေါ်တိုင်းရင်းသားတို့က ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)