မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေး လုပ်ငန်းများကို အဓိကအားပြုလျက်ရှိပြီး နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် MSME  လုပ်ငန်းများဖြစ်သည်။  MSME  လုပ်ငန်းများသည်  နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသည့် စီးပွားရေးမောင်းနှင်အားတစ်ခု ဖြစ်သည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို       ဆောင်ရွက်ရာတွင်     ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက် နိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရန်  “ကုန်ထုတ်လုပ်မှုလုပ်ငန်းများ   ဆောင်ရွက်ရာတွင် အရင်းအနှီးလိုအပ်သည့်အတွက် မိမိတို့ တတ်နိုင်သည့် ပမာဏပေါ်တွင် အခြေတည်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တတ်နိုင်သမျှ ရင်းနှီးမတည်ငွေများ   ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊  ယခုအခါ  မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ   ပြန်လည်ဦးမော့လာပြီဖြစ်သည့်အတွက်   ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်     ဆောင်ရွက်ရန်လိုကြောင်း၊     လုပ်ငန်းများဆောင်ရွက်ရာ၌ အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲဖြစ်ပေါ်လာပါက ချေးငွေများထုတ်ချေးနိုင်ရေး  နိုင်ငံတော်က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အောက်တိုဘာလ ၄ ရက်နေ့တွင် ပြည်မြို့ သီရိခေတ္တရာ ရတနာပုံမြို့တော်ခန်းမ၌ ပြောကြားခဲ့ သည်။

 

နိုင်ငံတော်အကြီးအကဲက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိ သည်။  စီးပွားရေးလုပ်ငန်းရှင်များကလည်း  မိမိတို့စီးပွားရေး လုပ်ငန်းများ  တိုးတက်အောင် ဆောင်ရွက်ပြီး   နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအခါ နိုင်ငံ့အကြီးအကဲ၏ အမြော်အမြင်ရှိစွာဖြင့် တစိုက်မတ်မတ် အလေးထား ဆောင်ရွက်ပေးမှုကြောင့် နိုင်ငံ့စီးပွားရေးမှာ   ပြန်လည်ဦးမော့လာပြီဖြစ်သည်။  စီးပွားရေးနှင့် နိုင်ငံရေးမှာ ဆက်စပ်လျက်ရှိပြီး စီးပွားရေးကောင်းမွန်မှုမရှိပါက နိုင်ငံရေးတည်ငြိမ်ခိုင်မာမှု လည်း  ရှိမည်မဟုတ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စီးပွားရေး ကျဆင်းလာမှုများ ကြောင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး ကောင်းမွန်လာအောင် နိုင်ငံတော်အစိုးရက အလေးထားကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသဖြင့် မိမိတို့ စီးပွားရေး လုပ်ငန်းများ တိုးတက်ခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရက မူဝါဒပိုင်းကိုသာ ထိန်းသိမ်းဆောင်ရွက်ပေးကာ လိုအပ်လာသည့် အခြေအနေများအပေါ်မူတည်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေ ရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာအောင်  အားပေးကူညီဆောင်ရွက် လျက်ရှိသည်။  မြန်မာနိုင်ငံတွင် ဆန်စပါး၊ ပဲပြောင်းသီးနှံများ အလုံအလောက်ရှိပြီး အဆိုပါ လုပ်ငန်းများကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ က  ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကို အလေးထား၍ အခွန်အခများကိုလည်း တာဝန်ကျေစွာ ထမ်းဆောင်ရမည်ဖြစ်သည်။

 

နိုင်ငံ၏ဝင်ငွေသည် ပြည်သူများထံမှရရှိသည့် အခွန်ငွေနှင့်  ကုန်သွယ်မှုများမှ ရရှိသည့်အခွန်ငွေ များဖြစ်သည်။ ပို့ကုန်/သွင်းကုန်လုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေများ ရရှိလျက်ရှိပြီး အဆိုပါရရှိသည့် အခွန်ငွေများကို ဘတ်ဂျက်များရေးဆွဲကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည်။ ထို့ကြောင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ပါမှ နိုင်ငံ့စီးပွားတိုးတက်လာပြီး နိုင်ငံလည်းဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။  ထုတ်ကုန်များထုတ်လုပ်ရာတွင်   တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ကုန်ထုတ်စွမ်းအားမြင့်မားလာမည်ဖြစ်သည်။ ဈေးကွက်ရရှိရေး အတွက် ကုန်ပစ္စည်းပြပွဲများကျင်းပပေးပြီး စားသုံးသူများ စိတ်ဝင်စားမှုမြင့်မား တိုးတက်လာ အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေးမှု များကို အကျိုးရှိစွာအသုံးချ၍ ထုတ်ကုန်များတိုးတက် မြင့်မားလာအောင်ဆောင်ရွက်ပြီး မိမိတို့စီးပွား၊ နိုင်ငံ့စီးပွား   မြင့်မားတိုး တက်အောင်   ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။           ။

ကြေးမုံ