အောက်တိုဘာ ၆
ကနေဒါနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၃၈ ဦး အပါအဝင် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၄၀၆ ဦး ရှိလာကြောင်း ကနေဒါပြည်သူ့ကျန်းမာရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။
နိုင်ငံတစ်ဝန်းမျောက်ကျောက်ရောဂါကူးစက်ခံရသူများအနက် အွန်တာရီရိုပြည်နယ်တွင် ၆၇၄ ဦး၊ ကွီဘတ်တွင် ၅၂၁ ဦး၊အယ်လ်ဘာတာတွင် ၄၁ ဦး၊ ဆာကတ်ချီဝန်တွင် သုံးဦး၊ ယူကွန်တွင် နှစ်ဦး၊ နိုဗာစကိုတီရာ၊ မာနီတိုဘာနှင့် နယူးဘန်ဆွစ်ပြည်နယ်တို့တွင် တစ်ဦးချင်းစီတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးအေဂျင်စီက ဆိုသည်။
ကနေဒါနိုင်ငံတွင် ယခုသီတင်းပတ်မှစတင်ကာ ထိုရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း ထိုအေဂျင်စီက ပြောကြားသည်။
ထိုရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ယင်းရောဂါလက္ခဏာမပြသောသူများကိုသာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်ဟု သိရသည်။
မျောက်ကျောက်ရောဂါသည် ကိုင်တွယ်ထိတွေ့မှု၊ ပွေ့ဖက်မှု၊ နှိပ်နယ်ပေးမှုစသည်တို့အပါအဝင် ထိုရောဂါကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့မှုရှိသူမှတစ်ဆင့် ကူးစက်နိုင်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို