နေပြည်တော် အောက်တိုဘာ ၈
ပြည့်တန်ဆာအဖြစ်ခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်နေ မ xxx ၁၈ နှစ်အား တစ်ရပ်ကွက် တည်းနေ မိုးမိုးထွေး (ခ) အငယ်လေး(ခ) ကတုံးမနှင့် ရီရီလွင်(ခ)မလွင်တို့က တပ်ကုန်းမြို့နယ်၊ ကုတင်(၁၀၀၀) စစ်ဆေးရုံတွင် အဘွားကြီးတစ်ဦးကို ပြုစုရမည်/အဝတ်လျှော်ပေးရမည် (၁)လလျှင် စရိတ်ငြိမ်း (၁)သိန်း(၈)သောင်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာနေ ဒေါ်တုတ်၏အိမ်သို့ ပို့ဆောင်ကာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ထုံးဖိုမြို့မရဲစခန်း (ပ) ၇၉/၂၀၂၁၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဇေယျာသီရိခရိုင် တရားရုံးသို့တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၆ ရက်တွင် တရားခံ မမိုးမိုးထွေး(ခ) အငယ်လေး (ခ)ကတုံးမနှင့် မရီရီလွင်(ခ)မလွင်တို့ (၂)ဦးအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မစန်းစန်းနွယ်(ခ) ဒေါ်တုတ်အား ရာဇဝတ်ကြီးကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်၍ တရားခံပြေးသတ်မှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်