ဒေါက်တာကီး(ဇလပ်မြေ)

 

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်တည်ရှိပြီး ခရိုင်ခြောက်ခရိုင်၊ မြို့နယ်ကိုးမြို့နယ်ဖြင့် ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုည ဒသမ ၄၇ သန်းကျော် နေထိုင်လျက်ရှိသည်။ တောင်ပေါ်ဒေသ ဖြစ်သဖြင့် ချမ်းအေးသောရာသီဥတုရှိပြီး အပူဆုံး သောလမှာ ဧပြီလနှင့်မေလဖြစ်ကာ ပျမ်းမျှအပူချိန် မှာ ၆၀ ဒီဂရီဖာရင်ဟိုက်မှ ၇၀ ဒီဂရီ ဖာရင်ဟိုက်သာရှိ သည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်အထိ ကျဆင်း တတ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မ အတွင်းရှိပြီး အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မိုးပိုများသည်။

 

 ဝိတိုရိယတောင်(ခေါ်) ခေါ်နူးစုမ်တောင်၊ အသည်းပုံရိဒ်ရေကန်၊ ဘုံတလာရေတံခွန်၊ ကနေဒီ ဆင်စခန်း၊ ကနေဒီတောင်နှင့် တနောင်းရေအိုင် တို့သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်မှု အများဆုံးနေရာအဖြစ် ထင်ရှားလျက်ရှိသည်။ ထို့အပြင် တောတောင်တစ်ခုလုံးတွင် အလေ့ကျ ပေါက်ရောက်လျက်ရှိသော ထင်းရှူးပင်များ၊ ချယ်ရီပန်းများ၊ တောင်ဇလပ်ပန်း နှင့် အောက်ချင်းငှက်တို့သည် ချင်းပြည်နယ်ကို လူသိများစေသည့် အမှတ်သင်္ကေတများဖြစ်သည်။

 

ချင်းပြည်နယ်၏အရင်းအမြစ်များအား ဆန်းစစ်ခြင်း

 

လူသားအရင်းအမြစ်၊ ရုပ်ဝတ္ထုအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်နှင့် သတင်းအချက်အလက် အရင်းအမြစ်ဟူ၍ အရင်းအမြစ်လေးမျိုးရှိသည်။ ထိုအရင်းအမြစ်များ ဟန်ချက်ညီမျှတမှသာလျှင် လူတစ်ဦးချင်း သို့မဟုတ် အိမ်ထောင်စုတစ်စု သို့မဟုတ် ရပ်ရွာများဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်သည်။ ချင်းပြည်နယ်သည် လူနေထိုင် မှုကျဲသောတောင်ပေါ်ဒေသဖြစ်ပြီး နှစ်စဉ်ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများအရ အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် ချင်းပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိသည်။ ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှိနေသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများ၊ အတန်း ပညာကို ဆုံးခန်းတိုင်အောင် သင်ယူခွင့်မရသူများနှင့် ကျောင်းမနေခဲ့ရသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းသည် မရှိသလောက်ရှားပါးလျက်ရှိသည်။

 

ရုပ်ဝတ္ထုအရင်းအမြစ်အနေဖြင့် ချင်းပြည်နယ်တွင် မြေဆီမြေနှစ်များကောင်းမွန်ပြီး စိုက်ပျိုး မြေဧရိယာ ၃၃၁၉၅၃ ဧကရှိကြောင်း လေ့လာတွေ့ရှိ ရသည်။ စိမ့်စမ်း၊ ချောင်းရေနှင့် မြစ်ရေများသည် ရေချိုများဖြစ်သဖြင့် စိုက်ပျိုးရေအဖြစ် ကောင်းစွာ အသုံးပြုနိုင်သည်။ ရုပ်ပိုင်းနှင့် ဓာတ်ပိုင်းဆိုင်ရာ (Physical and Chemical Pollution)များ ညစ်ညမ်းမှု နည်းသဖြင့် ရေကိုကျိုချက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုကြသည်။

 

ထို့အပြင် ရေအားလျှပ်စစ် (Hydro Power) ထုတ်ယူနိုင်သည့် အရင်းအမြစ်ကောင်းများလည်း ဖြစ်သည်။ မြေပေါ်သယံဇာတများအနေဖြင့် အင်ကြင်း၊ သစ်မာ၊ ထင်းရှူးနှင့် ကျွန်းသစ်ကဲ့သို့သော အဖိုးတန်သစ်များ ပေါက်ရောက်လျက်ရှိသော်လည်း မြေအောက်သယံဇာတတူးဖော်မှုအပိုင်းတွင် မရှိ သလောက်ရှားပါးနေသေးသဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာစူးစမ်းရှာဖွေမှုများ ပြုလုပ်သင့်သည်။

 

မိသားစုတစ်နိုင်တစ်ပိုင် အငယ်စား၊ အသေးစား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသော်လည်း အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးအရင်းအမြစ်များ လိုအပ်လျက်ရှိနေသည်။ စီးပွားရေးလုပ်ငန်းနှင့် ငွေကြေးသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်ပြီး ထုတ်ကုန်မရှိ၍ ရင်းနှီးမြှုပ်နှံမှုမရှိသလို ရင်းနှီးမြှုပ်နှံမှုမရှိ၍ ထုတ်ကုန်မရှိရခြင်းလည်းဖြစ်သည်။ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်အတွက် ကာလတို၊ ကာလလတ်နှင့် ကာလရှည်စီမံကိန်းများ ရေးဆွဲ၍ဆောင်ရွက်သင့်သည်။ ထို့အပြင် ငွေကြေးစီးဆင်းမှု မြန်ဆန်သွက်လက်ပြီး စီးပွားရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် ဘဏ်စနစ်များ ကောင်းမွန်စွာလည်ပတ်ရန် လိုအပ်သည်။

 

ချင်းပြည်နယ်သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရာသီတွင် လမ်းပြိုခြင်းကြောင့် မြို့နယ် ချင်းဆက်လမ်းများသည်ပင်လျှင် ခရီးသွားလာမှု ကြန့်ကြာခြင်းများရှိပြီး ကျေးရွာများသို့ သွားလာသည့် လမ်းများသည် ပွင့်လင်းရာသီရောက်မှသာ အသုံးပြုသွားလာနိုင်သည့် အခြေအနေတွင်ရှိသည်။ အလားတူ ဆက်သွယ်ရေးအနေဖြင့် မြို့ပေါ်တွင်သာ ကောင်းမွန်ပြီး ကျေးရွာအများစုတွင် ကောင်းမွန်မှုမရှိခြင်း သို့မဟုတ် ဆက်သွယ်ရေး လိုင်းများမရရှိခြင်းများလည်း ရှိနေသေးသည်။

 

အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်မှုအခြေအနေ

 

ချင်းပြည်နယ်တွင် မြို့ပေါ်နေလူဦးရေမှာ ၂၁ ရာခိုင်နှုန်းဖြစ်ပြီး ကျေးလက်ဒေသတွင် ၇၉ ရာခိုင်နှုန်းနေထိုင်လျက်ရှိသည်။ မြို့ပေါ်တွင် နေထိုင်သူများသည် အရောင်းအဝယ်ပြုလုပ်ခြင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသော်လည်း ကျေးလက်ဒေသတွင် နေထိုင်သူများသည် အဓိကအားဖြင့် တောင်ယာလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့်သာ အသက်မွေးကြရသည်။ မြေပြန့်အလွန်နည်းပါးပြီး တောင်ကုန်း တောင်တန်းများ ထူထပ်လျက်ရှိသဖြင့် လယ်ယာထွန်ယက်စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးလျက်ရှိကြောင်း တွေ့ရသည်။

 

ကော်ဖီ၊ လက်ဖက်၊ ပန်းသီး၊ လိမ္မော်နှင့် ဝဥများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ဝဥစိုက်ပျိုးမှုသည် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ဒေသနှင့်ကိုက်ညီမှုရှိကာ အားလုံးလက်လှမ်းမီနိုင်သည့် စီးပွားရေးအတွက် ရွေးချယ် စရာတစ်ခုဖြစ်သည်။ သို့ရာတွင် စားကုန်အဖြစ် တန်ဖိုးမြှင့် (Value Added) ထုတ်လုပ်နိုင်မှုမရှိခြင်း၊ နည်းပညာများလိုအပ်နေခြင်းကြောင့် အဆင့်မီထုပ်ပိုး ပြီး ဈေးကွက်သို့ဖြန့်ဖြူးရောင်းချနိုင်မှုမရှိခြင်း၊ လုပ်ငန်းတိုးချဲ့ရန် ငွေကြေးအရင်းအနှီးမရှိခြင်းနှင့် ဈေးကွက်ခိုင်မာမှုရှိရန် လိုအပ်ခြင်း စသည့် စိန်ခေါ်မှု များနှင့်ကြုံတွေ့နေရသည်။ မွေးမြူ ရေးအနေဖြင့် နွားနောက်များကို ခြံခတ်စနစ်ဖြင့် အနည်းစုကသာ မွေးမြူကြပြီး လွှတ်ကျောင်းစနစ်ဖြင့်သာ အများစုက မွေးမြူကြသည်။ အခြားသောကြက်၊ ဝက်၊ ဆိတ် နှင့်သိုးများကို အနည်းငယ်မွေးမြူကြသည်။

 

ချင်းပြည်နယ်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် အဓိကအားဖြင့် တောင်ယာလုပ်ငန်း ဖြစ်သည်နှင့်အညီ ဘိုးဘွားဘီဘင်ကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းတတ်မြောက်ထားရ သောပညာရပ်တစ်ခုဖြစ်ပါသည်။ စီမံကိန်းတစ်ခု ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များအဆင့်ဆင့် ရှိသကဲ့သို့ တောင်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် သူ့ကာလ၊ သူ့အချိန်နှင့်သူ လုပ်ဆောင်နိုင်မှသာလျှင် စပါးအထွက်ကောင်းပြီး တစ်နှစ်စာရိက္ခာဖူလုံမည် ဖြစ်သည်။

 

mdn

 

ချင်းပြည်နယ်တွင် လူသားအရင်းအမြစ်နှင့် ရုပ်ဝတ္ထုအရင်းအမြစ်များရှိနေသော်လည်း ငွေကြေးအရင်းအမြစ်နှင့် သတင်းအချက်အလက်အရင်းအမြစ်များ လုံလောက်စွာရရှိရန်လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပြီး ရှိနှင့်ပြီးဖြစ်သော လူသားအရင်းအမြစ် နှင့် ရုပ်ဝတ္ထုအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လည်း လိုအပ်နေသည်။ ထို့အပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်သည့် မြေဧရိယာများစွာ ရှိသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်များ တည်ထောင်ခြင်း၊ သုတေသန များပြုလုပ်၍ဒေသနှင့် ကိုက်ညီမည့် မျိုးကောင်း မျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ နည်းပညာဖြန့်ဖြူးပေးခြင်း၊ ငွေကြေးအရင်းအနှီးများ မတည်ပေးခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်းနှင့် အခြားလိုအပ်သည့် သွင်းအားစုများ ကူညီပံ့ပိုးပေးရန် လိုအပ်လျက်ရှိသည်။

 

ဒေသနှင့်ကိုက်ညီမှုရှိသည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများကို အမျိုးသမီးနှင့် အမျိုးသားများအတွက် သင်တန်းလိုအပ်ချက်များကို စနစ်တကျဆန်းစစ်လေ့လာ၍ ထိရောက်အကျိုးရှိ မည့် သင်တန်းများကိုဖွင့်လှစ်သင့်ပြီး ဒေသထွက်ကုန်ကြမ်းရရှိနိုင်မှု၊ ပြန်လည်အသုံးချနိုင်မှု၊ အလုပ်အကိုင်ရရှိနိုင်မှု၊ ကိုယ်ပိုင်လုပ်ငန်း ဆောင်ရွက်ရန် အလားအလာရှိမှုနှင့် ထုတ်ကုန်များ ရရှိလာပါက ရောင်းချနိုင်မည့်ဈေးကွက်တို့ကိုပါ ထည့်သွင်းစဉ်းစား၍ ဖွင့်လှစ်ရန်လိုအပ်ပါသည်။

 

ချင်းပြည်နယ်၏ လူသားအရင်းအမြစ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် မိသားစုဝင်ငွေတိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးခိုင်မာအားကောင်းလာပြီး ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည့်အပြင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကြောင့် လုပ်သားအင်အား ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ စားဝတ်နေရေး အဆင်ပြေပြီး ဝင်ငွေများတိုးပွား ရရှိလာပါက တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်း စနစ် ပပျောက်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်မည့်အပြင် လူနေမှုစနစ် ပိုမိုမြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။ ချင်းပြည်နယ်သည်နိုင်ငံတော်၏ အစိတ် အပိုင်းတစ်ခုဖြစ်သည်နှင့်အညီ ချင်းပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။