ကာရာကက် အောက်တိုဘာ ၁၁
ဗင်နီဇွဲလားနိုင်ငံ အာရာဂူအာပြည်နယ်မြောက်ပိုင်း၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ပြီး အခြားသော ၅၂ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံ ဒုတိယသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။
အဆိုပါမြေပြိုမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံ၏မြို့တော် ကာရာကက်နှင့် ကီလိုမီတာ ၆၀ ခန့်ကွာဝေးသော လက်စ်တီဂျီရီယာမြို့အနီးရှိ မြစ်များလည်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြေပြိုမှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း အောက်တိုဘာ ၉ ရက်တွင် မြေပြိုမှုဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည့် ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က ပြောကြားသည်။
မြေပြိုမှုဒဏ်ခံစားခဲ့ရသည့် မိသားစုများအတွက် အမိုးအကာများ ဖြည့်ဆည်းပေးခဲ့ကြောင်းနှင့် ဆုံးရှုံးခဲ့ရသည့် စီးပွားရေးအတွက်လည်း အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားဒုတိယသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က ပြောကြားသည်။
လုံခြုံရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီများမှ တာဝန်ရှိသူ ၁၀၀၀ ကျော်သည် မြေပြိုမှုနှင့်စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းဆက်ဆံရေး၊ တရားရေးနှင့် ငြိမ်းချမ်းရေးဝန်ကြီး ရီမီဂျီယို စီဘယ်လော့စ်က ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်