ထွန်းသစ်စ - ရေးသားသည်
အီးယူမှ ဗြိတိန်ခွဲထွက်ရေး (ဘရီးဇစ်) နှစ်ဖက် နားလည်မှုမရဘဲ ပြီးဆုံးသွားမှာကို ရှောင်ရှားလိုတဲ့အနေနဲ့ ဗြိတိန်နဲ့ အီးယူခေါင်းဆောင်တွေဖြစ်တဲ့ ဝန်ကြီးချုပ် ထရီဆာမေနဲ့ ဥရောပကော်မရှင်အကြီးအကဲ ဂျန်ကလော ဒီယွန်ကာတို့ဟာ တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုလုပ်ဖို့ ဖေဖော်ဝါရီ ၇ ရက်က သဘောတူခဲ့ပါတယ်။
ထင်သလောက်မလွယ်
ဘရီးဇစ်အရေးဟာ ထင်သလောက် မလွယ်ပါဘူး။ ဘရတ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေး မှုတွေလုပ်ပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာ ချက်မှာ ဥရောပကော်မရှင်အကြီးအကဲ ဂျန်ကာက နိုဝင်ဘာလမှာ အီးယူမှ ဗြိတိန်ခွဲထွက်မယ့် သဘောတူညီချက်ဟာ ပြန်လည်ညှိနှိုင်းလို့ မရသေးဘူးလို့ ဆိုလိုက်ပါတယ်။ ပြန်လည် ညှိနှိုင်းလို့ မရတဲ့အထဲမှာ အိုင်းရစ်နယ်စပ်အရေး လည်း ပါဝင်ပါတယ်။
သို့သော်လည်း ယွန်ကာက တကယ်လို့ အနာဂတ်အီးယူနဲ့ ဗြိတိန်ဆက်ဆံရေး ပိုပြီးကောင်းချင်တဲ့အခါ ဘရီးဇစ်အရေး ပြီးသွားတဲ့နောက်ပိုင်း ပိုမိုနီးကပ်စွာ ဆက်သွယ်မှုတွေလည်း လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။
အဆင်သင့်မဖြစ်သေး
ဘယ်လိုပဲဖြစ်ဖြစ် အီးယူမှ ဗြိတိန်ခွဲထွက် မယ့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မတ် ၂၉ ရက်မတိုင်ခင် တိကျတဲ့အဖြေတစ်ခုတော့ ရရှိ အောင် ရှာဖွေရမှာပဲ ဖြစ်ပါတယ်။ အင်္ဂလန် ဘဏ်အကြီးအကဲ မာ့ခ်ကာနေးက ဗြိတိန်ရဲ့ စီးပွားရေးဟာ နားလည်မှုမရဘဲ ပြီးဆုံးသွားမယ့် ဘရီးဇစ်အရေးအတွက် အဆင်သင့်မဖြစ် သေးဘူးလို့ ဆိုထားပါတယ်။ ဗြိတိန်ပါလီမန်က မိမိကို မတင်မကျဖြစ်နေတဲ့ ဘရီးဇစ်အရေးမှာ နောက်ထပ်ဆွေးနွေးပွဲ အသစ်တွေ လုပ်နေမယ့်အစား ဥပဒေနဲ့အညီ မူဝါဒပိုင်းပြောင်းလဲမှု လုပ်စေချင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ယွန်ကာကို ပြောခဲ့ပါတယ်။ အီးယူညှိနှိုင်းရေးမှူး မိုက်ကယ် ဘာနီယာဟာ လာမယ့်ဖေဖော်ဝါရီ ၁၁ ရက်မှာ ဗြိတိန်ဘရီးဇစ်ဝန်ကြီး စတီဖင် ဘာကလေနဲ့ စထရားစ်ဘိုးခ်မှာ တွေ့ဖို့ရှိပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် မေ ကိုယ်တိုင်လည်း ဂျန်ကာနဲ့ ဖေဖော်ဝါရီလကုန်လောက်မှာ ထပ်မံ တွေ့ချင်နေ သေးတယ်လို့ ကော်မရှင် ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
ဘရီးဇစ်ပြီးမှ ဆောင်ရွက်နိုင်မယ်
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကတော့ မြောက်ပိုင်းအိုင်းရစ်နယ်စပ်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ကူးသစ်တွေ၊ အကြံ အစည်သစ်တွေရှိတယ်လို့ ပြောကြားခဲ့ပြီး တော့ အဲဒီအရေးတွေကိုတော့ ဘရီးဇစ်ပြီးမှ ဆောင်ရွက်နိုင်မယ့်သဘောလည်း ပြောကြားခဲ့ပါတယ်။ ဘရီးဇစ် မှာ တကယ့်ဆွေးနွေးနေရတဲ့ အပိုင်း ကတော့ အနာဂတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရမယ့် အရေးပဲ ဖြစ်ပါတယ်။
အိုင်ယာလန်အရေး
ဗြိတိသျှပြည်နယ်တစ်ခုဖြစ်တဲ့ မြောက်ပိုင်း အိုင်ယာလန်ဟာ အီးယူကုန်သွယ်ရေးနည်းလမ်တွေနဲ့ လုပ်ထုံး၊ လုပ်နည်းတွေကို အိုင်ယာလန်နဲ့ ပိုနေမြဲကျားနေမြဲဖြစ်စေရန်အလို့ငှာ လိုက်နာကျင့်သုံးလျက်ရှိတယ်လို့ အီးယူက တင်ပြခဲ့ပါတယ်။
သို့သော်လည်း လန်ဒန်ကတော့ ဗြိတိန်မှာရှိတဲ့ အခြားပြည်နယ်တစ်ခုနဲ့ ပတ်သက်ပြီး အခုလို မညီမမျှ ဆက်ဆံတာကိုတော့ လုံးဝပယ်ချခဲ့ပြီး ပြည်တွင်းအကောက်ခွန်ဆိုင်ရာတွေကို စစ်ဆေးမှုတွေတောင် လုပ်ဆောင်သွားဖို့ စည်းကမ်း ထုတ်လိုက်ပါတယ်။
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီးတဲ့အခါမှာတော့ အိုင်းရစ်နယ်စပ်ဟာ ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံကြား ကုန်းပိုင်းနယ်နိမိတ်ထိစပ်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ အိုင်ယာလန်သမ္မတနိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ ဝင်ဖြစ်လာမှာဖြစ်ပြီး မြောက်ပိုင်းအိုင်ယာလန်ကတော့ အင်္ဂလန်ထဲမှာပဲ ဆက်လက် ကျန်ရှိနေမှာ ဖြစ်ပါတယ်။ အိုင်ယာလန်ကိစ္စနဲ့ ပတ်သက်ရင်တော့ သူ့အနေနဲ့ ပါတီတွင်း လွှတ်တော် အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းရဦးမှာဖြစ်ပြီး အီးယူရဲ့ လတ်တလောတင်ပြထားတဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီးတော့ လိုက် လျောလက်ခံလို့ မရသေးဘူးလို့တော့ ဆိုပါတယ်။
“ကျွန်မ အရင်ကတင်ပြခဲ့သလိုပဲ အီးယူရဲ့ ဟိုးအရင်ကတင်ပြခဲ့တဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး လက်မခံ နိုင်သေးပါဘူး။ သူတို့ပြောသလိုဆို အိုင်းရစ် ပင်လယ်တစ်လျှောက် အကောက်နယ်စပ်တွေ ဖန်တီးပေး ရမှာဖြစ်ပြီး အဲဒါက အင်္ဂလန်ရဲ့ တည်တံ့ခိုင်မြဲမှုကို ချိုးဖျက်လိုက်သလိုဖြစ်သွားနိုင်တယ်” လို့ ထရီဆာမေက ပြောခဲ့ပါတယ်။
ဂျီဘရော်တာအရေး
ထို့အပြင် ဂျီဘရော်တာအရေးကလည်း မအေးပြန်ပါဘူး။ အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး အပြီးသတ် ဆွေးနွေးချိန်မှာ ဂျီဘရော်တာကျွန်း ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ စပိန်နိုင်ငံက တောင်းဆိုလိုက်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်နည်းဆိုရသော် ဂျီဘရော်တာအရေး စပိန်နဲ့ ဗြိတိန်တို့ သဘောထား ကွဲလွဲမှုတွေ ရှိနေသေးပါတယ်။
ဗြိတိန်အုပ်ချုပ်မှုအောက်ရောက်နေတဲ့ ဂျီ ဘရော်တာဒေသကို စပိန်နိုင်ငံက သူတို့ပိုင်ဆိုင် ကြောင်း ၁၇၁၃ ခုနှစ်ကတည်းက ပြောကြားခဲ့ပြီး နောက်မှာ အနာဂတ်ဂျီဘရော်တာအရေးနဲ့ ပတ်သက်ပြီး စပိန်နဲ့ ဗြိတိန်တို့ တိုက်ရိုက်ဆွေးနွေးဖို့ လိုအပ်တယ်လို့ စပိန်က ပြောခဲ့ပါတယ်။ ထို့အတူ စပိန်က တောင်းဆိုသလို မူကြမ်းတွေကို ပြင်ဆင် မပေးဘူးဆိုပါက သဘောတူညီမှုတွေကို ဗီတို အာဏာသုံးပြီး ပယ်ချမှာဖြစ်ကြောင်း စပိန်ဝန်ကြီး ချုပ် ပီဒရိုဆက်ချက်က တွစ်တာလူမှုကွန်ရက် ပေါ်တွင် ရေးသားခဲ့တယ်။
ဒါတွေဟာ အီးယူမှ ဗြိတိန်နုတ်ထွက်ရေးမှာ တကယ့်ကိုပဲ အတားအဆီးတွေ ဖြစ်စေပါတယ်။ သို့သော်လည်း ဘရီးဇစ်သဘောတူညီမှု အတည်ပြုနိုင်ဖို့အတွက် အီးယူနိုင်ငံတွေရဲ့ တညီတညွတ်တည်း သဘောတူညီချက် မလို သော်လည်း အကယ်၍ စပိန်ကသာ ဗီတိုသုံးပြီး ပယ်ချခဲ့မည်ဆိုပါက အီးယူနဲ့ ဗြိတိန်ကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရနိုင်ရေးမှာ အဟန့်အတားတွေ ဖြစ်စေနိုင်ပါတယ်။
ရှုပ်ထွေးတဲ့အချက်တွေရှိနေ
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး အတွက် ၂၀၁၆ ခုနှစ်ကလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူ ပွဲမှာ ထောက်ခံမဲအများစုနဲ့ ခွဲထွက်ရေး အတည် ဖြစ်ခဲ့ပေမယ့်လည်း အဲဒီလိုနုတ်ထွက်တဲ့အတွက် ကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရှုပ်ထွေးနေသေးတဲ့ အချက်အလက်အသစ်တွေ ဆက်လက်ရှိနေ သေးတယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံဟာ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ဥရောပသမဂ္ဂမှ ခွဲထွက်ဖို့ ရက်သတ် မှတ်ခဲ့ပေမယ့်လည်း နုတ်ထွက်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေမှာ ခရီးဆုံးတိုင် မရောက်သေးပါဘူးလို့ ဆိုပေမယ့် နီးကပ်လာ ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
တိကျတဲ့အဖြေထွက်ဖို့လို
ပြင်သစ်နိုင်ငံရဲ့ ဥရောပဝန်ကြီး နာတာလီ လိုက်ဆီက ဥရောပအနေနဲ့ ဘရီးဇစ်အရေးမှာ တိကျတဲ့ အဖြေရရှိဖို့ လိုအပ်ပါတယ်။ ဘာပြီးရင် ဘာဆက်လုပ်ရမယ်မှန်းမသိတဲ့ ခဏခဏ ပျောက်ပျက်သွားမယ့် ယာယီ ဆောင်ရွက်မှုမျိုး တော့ မလိုချင်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဥရောပမှ ခွဲထွက်ရေး ဆန္ဒမဲပေးခဲ့သော် လည်း တကယ်တမ်းတော့ ဗြိတိသျှလူမျိုးတွေဟာ ဘရီးဇစ်အရေးနဲ့ပတ်သက်ပြီး နှစ်ခြမ်းကွဲနေ ပါသေးတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ဇွန်လက ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်သင့် မသင့် လူထုဆန္ဒခံယူပွဲရဲ့ရလဒ်အရ ထောက်ခံသူ အများစုနဲ့ ခွဲထွက်ရေးအတည်ဖြစ်ခဲ့ပါတယ်။
အီးယူနဲ့ ဗြိတိန်ကြားမှာ ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောတူညီမှုတွေ လုပ်ရင်ကောင်းမလဲဆိုပြီး ညှိနှိုင်းနေတာဟာ အခုဆိုရင် သတ်မှတ်ထားတဲ့ အချိန်ထဲတောင် ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ အတွင်း ညီညွတ်ရေးရအောင် တစ်ဖက်ကလည်း ခွဲထွက်ရေးကိစ္စ အဆင်ပြေအောင် ဘယ်လို ညှိနှိုင်းလုပ်ဆောင်သွားမလဲဆိုတာ စောင့်မျှော် ကြည့်ရှုရမှာဖြစ်သလို ခွဲရေးအလွန် အနာဂတ် ဆက်ဆံရေးနဲ့နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဆက် လုပ်သွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါကြောင်း။ ။
ကိုးကား- အေအက်ဖ်ပီ