လာဂို့စ် အောက်တိုဘာ ၁၂

 

နိုင်ဂျီးရီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်  ရေကြီးမှုများကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၅၀၀ ကျော်ရှိကြောင်းနှင့် ၁၅၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူသားချင်း စာနာထောက်ထားမှုရေးရာ၊  သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နာဆာဆာနီဂွာဇိုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။

 

လက်ရှိအချိန်အထိ ပြည်နယ် ၃၁ ခုတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူပေါင်း ၁ ဒသမ ၄ သန်းကျော် ရေကြီးမှုဒဏ်ခံခဲ့ရကာ ၇၉၀၂၅၄ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း နာဆာဆာနီဂွာဇိုက ပြောကြားသည်။

 

ရေကြီးမှုကြောင့် လူနေအိမ်  ၄၄၀၀၀  ကျော်တစ်စိတ်တစ်ပိုင်း ပျက်စီးမှုရှိခဲ့ကြောင်း၊ လူနေအိမ် ၄၅၀၀၀ ခန့် လုံးဝ ပျက်စီးသွားခဲ့ကြောင်းနှင့် စိုက်ပျိုးမြေ ဟက်တာ ၁၄၀၀၀၀ ကျော် တစ်စိတ်တစ်ပိုင်း  သို့မဟုတ် လုံးဝ ပျက်စီးသွားခဲ့ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။   

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်