နေပြည်တော်၊ အောက်တိုဘာ ၁၆
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက ဗဟိုချက်ဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လူငယ်များ သိရှိနားလည်စေရန်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းစုနှင့် အေးမေတ္တာစံ လူငယ်ပရဟိတ ဂေဟာများမှ ကျောင်းသား/ ကျောင်းသူများ ဖိတ်ခေါ်၍ ယမန်နေ့ နံနက် (၈) နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ဒုတိယအကြိမ် လေ့လာရေးခရီးစဉ် ဆောင်ရွက်သည့် အခမ်းအနားကို ကျင်းပသည်။
ယခုလေ့လာရေးခရီးစဉ်တွင် အားကစား လေ့လာရေး အစီအစဉ်များသာမက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ မတိမ်ကော မပပျောက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ''၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ''များကိုပါ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာ ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာ ကဏ္ဍ (၁၆) ရပ်တွင် စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများလည်း ပါရှိသဖြင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သည့် လူငယ်များဖြစ်လာစေရေး၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်း၍ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစု တစ်ရပ်ဖြစ်သော လူငယ်များအား ''လူငယ်အင်အား၊ စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့'' ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်း လူငယ်လေးများ ဖြစ်လာစေရေးတို့အတွက် ယခုကဲ့သို့ လေ့လာရေးအစီအစဉ်များကို စီစဉ်ပေးလျက်ရှိ သည်။
ယနေ့အစီအစဉ်တွင် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ကျင်းပခဲ့သည့် မှတ်တမ်းဗွီဒီယို (Clip) အားပြသခြင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသားလူငယ်များကို အဖွဲ့များခွဲ၍ နည်းပြများ နှင့်အတူ Fitness Dance စုပေါင်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲမှ ရေကူး အားကစားသမားများ၏ ရေကူးသရုပ်ပြသမှုများကိုလည်းကောင်း၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း) ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းကို လည်းကောင်း ကြည့်ရှုလေ့လာခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တည်ခင်းဧည့်ခံသည့် နေ့လည်စာအား သုံးဆောင်ခဲ့ကြပြီး မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (လေ့ကျင့်ရေးဇာတ်ရုံ) နှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တို့တွင် ကျင်းပလျက်ရှိသည့် ''၂၀၂၂ခုနှစ် (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ'' ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်