ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လဂွန်းပြင် ရေသန့်စင် စက်ရုံသို့ သွားရောက်၍ စိန်တစ်လုံးစိုက်ခင်းနှင့် အုန်းစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ Booster Pumping Station ၌ ရေတွန်းစက်များ လည်ပတ် မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၇) မြို့ပတ်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) တို့၏ စီမံကိန်းဆိုင်ရာ တင်ပြချက်များအပေါ် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်က “အသင်းများမှ တင်ပြထားသည့်အတိုင်း အောက်တိုဘာလကုန်တွင် MCEF မှ (၄၂)လုံး၊ MLCA မှ (၂၇)လုံး၊ ဒီဇင်ဘာလကုန်တွင် MCEF မှ (၁၀) လုံး၊ MLCA မှ (၁၄) လုံး၊ ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ကျန်ရှိသည့် အဆောက်အဦများကို MCEF မှ (၄၅) လုံး၊ MLCA မှ (၅၈) လုံး၊ စုစုပေါင်း (၁၉၄) လုံးအား အပြီးတည်ဆောက် အပ်နှံရန်နှင့် စီမံကိန်းဧရိယာအတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်း၍ သစ်ပင်များစိုက်ပျိုးရန်၊ အသင်းများမှ တာဝန်ယူထားသည့် လုပ်ငန်းများကို အနီးကပ် တွန်းအားပေးဆောင်ရွက်ရန်နှင့် မိုးကုန်ပြီဖြစ်၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်” မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်သည် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဆောင်ရွက်နေသော ဒဂုံမြို့သစ် (ဆိပ်ကမ်း )မြို့နယ်၊ အမှတ် (၆၉) ရပ်ကွက်၊ ပုဂံလမ်းရှိ ရေပေးဝေရေးဇုန် (၈) ရေစုကန်နှင့် ရေတွန်းစက်သို့ သွားရောက်၍ SCADA (Supervisory Control and Data Acquisition) Control Room အတွင်း မြို့နယ်များသို့ ရေပေးဝေမှုကို ထိန်းချုပ်ဆောင်ရွက်နေမှု၊ Transmission Pipe Layout သွယ်တန်းထားမှုနှင့် Network ဆက်သွယ်ထားမှု၊ တစ်နာရီလျှင် ရေဂါလံ (၈၈၀,၀၀၀) ပေးဝေနိုင်သည့် ရေတွန်းစက် (၄) လုံး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေဂါလံ (၁၀) သန်းဆန့် ရေစုကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်